ကရင်ပြည်နယ်အတွင်း ရာဘာစိုက်အောင်ထွက် အခြေအနေများမှာ စိုက်ဧက ၂၇၁၂၇၁ ဧက ဖြစ်ပြီး ရိတ်ဧက ၂၆၀၆၆၁ ဧကဖြစ်ကာ အထွက်နှုန်း ၇၂.၈၇ ပေါင်ဖြစ်ကာ ပြည်နယ်ချုပ် အထွက်နှုန်း ၁၈၉၉၃၇၁၇ တန် ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ယမန်နှစ်က ရာဘာဈေးနှုန်းမှာ တစ်ပေါင်လျှင် ၁၂၂၀ ကျပ်ဖြစ်ပြီး ယခုနှစ်ရာသီသိမ်းချိန်တွင် ၁၃၄၀ ကျပ်ဈေးနှုန်းထိ ဈေးနှုန်းဈေးကွက် ဖြစ်ပေါ်ခဲ့ကြောင်းနှင် ဈေးနှုန်းဈေးကွက်အနေဖြင့် မန္တလေးမြို့နှင့် ထိုင်းနိုင်ငံမှ အဓိကဝယ်လိုအားမြင့်တက်လာမှုနှင့်အတူ ၂၀၂၂-၂၀၂၃ ရာသီအတွင်း ကရင်ပြည်နယ်အတွင်းရှိ ရာဘာစိုက်ပျိုးသူများအနေဖြင့် ရာဘာအစေးခြစ်လုပ်ငန်းမှ အမြတ်အစွန်း ရရှိခဲ့ကြောင်း သိရသည်။
ရာဘာစိုက်ဧက ၁၀ ဧက စိုက်ပျိုးတောင်သူ ဦးဝေလင်းအောင်၏ သာမညကျေးရွာရှိ ရာဘာ ခြံသို့ ၁၈-၆-၂၀၂၃ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ရာတွင် ရာဘာစိုက်ဧက ၁၀ ဧကအတွက် ပင်ကြားတန်းကြား ၂၀ ပေ X ၁၀ ပေတွင် ရာဘာပင် ၁၅၇၁ ပင်စိုက်ပျိုးထားရှိပြီး သက်တမ်းအနေ ဖြင့် ၇ နှစ်ခန့်ရှိပြီဖြစ်ကြောင်းနှင့် ရာဘာအစေးခြစ်လုပ်ငန်းများ ဆောင်ရွက်နေသည်မှာ ၂ ခန့်ရှိပြီဖြစ် ကြောင်း သိရသည်။ တွက်ခြေကိုက်မှုအနေဖြင့် ရာဘာ ၁၅၇၁ ပင်အတွက် သွင်းအားစုမြေဩဇာ ၃၆ အိတ်အတွက် ငွေကျပ် ၃၆ သိန်း၊ ချုံရှင်း/ခြံခုတ်ခ အထွေစရိတ် ၄ သိန်း စုစုပေါင်း သိန်း ၄၀ ခန့် အသုံးစရိတ်ရှိခဲ့ပြီး ဝင်ငွေအနေဖြင့် လုပ်သားစရိတ်နုတ်ပြီးအကျန် သိန်း ၉၆ ခန့်ရရှိခဲ့သောကြောင့် အသားတင်ဝင်ငွေ ၅၆ သိန်းခန့်ရရှိခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း ရာဘာစိုက်ပျိုးသူတောင်သူများအနေဖြင့် ရာဘာဈေးကွက် ဝယ်လိုအား ကောင်းလာမှုနှင့် အတူဈေးနှုန်း၊ဈေးကွက်တည်ငြိမ်၍ တွက်ချေကိုက်မှုအပေါ် မူတည်၍ ရာဘာထုတ်လုပ်မှု တိုးတက်စေရေးနှင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရာဘာလုပ်ငန်းရှင် ဦးဝေလင်းအောင်က ပြောသည်၊၊
DOCA(ကရင်)