စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးနှင့် အနောက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချနေသည့်ဆိုင်များသို့ (၁၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်အတွင်းရှိ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် ဘေးကင်းလုံခြုံစိတ်ချရမှုရှိ/မရှိစောင့်ကြည့်စစ်ဆေးခြင်း၊ ဘေးအန္တရာယ်ရှိသော စားသုံးရန်မသင့်ဟု တားမြစ်ထားသည့်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များနှင့် သက်ဆိုင်ရာဌာနများက သုံးစွဲရန်မသင့်ဟု ကြေညာထားသောကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချနေသောဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်ဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာဖော်ပြကြရန်ဖြစ်ကြောင်း၊ မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြကြရန်ဖြစ်ကြောင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။
DOCA(မကွေး)