Main menu

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ရုံးသုံးကွန်ပျူတသင်တန်းအမှတ်စဉ် (၂/၂၀၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၏ ရုံးသုံးကွန်ပျူတာ သင်တန်းအမှတ်စဉ် (၂/၂၀၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၁ခုနှစ် မေလ ၃၁ ရက် တနင်္လာနေ့၊ နံနက် ၁၀နာရီတွင် စားသုံးသူရေးရာ ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

    ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားခဲ့ရာတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ e-Government အကောင်အထည် ဖော်မှုတွေကို ယခင် ၁၀ စုနှစ်ထဲက ရှေ့ပြေးအနေနဲ့ ဆောင်ရွက်နိုင်ခဲ့တဲ့ ဝန်ကြီးဌာန တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲ ရေးကော်မတီ၏ လမ်းညွှန်ချက်များမှာလည်း ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည် မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန် လမ်းညွှန်ထားပါကြောင်း၊ ဌာနရှိ ဝန်ထမ်းများအနေဖြင့် စားသုံးသူရေးရာ ကိစ္စရပ်များဖြစ်သည့် စားသုံးသူပညာပေးရေး လုပ်ငန်းများ၊ Online မှတဆင့် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးလုပ်ငန်းများ၊ Product Safety လုပ်ငန်းများ၊  အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီအပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့လုပ်ငန်းများ၊ ပြည်တွင်းကုန်သွယ်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်တွေ ရှာဖွေ၊လေ့လာ၊တင်ပြသည့်လုပ်ငန်းများ၊   အရည်အသွေးစီမံခန့်ခွဲမှု (Quality Management) လုပ်ငန်းများဆောင်ရွက်ရာမှာ နည်းပညာကျွမ်းကျင်စွာ အသုံးပြု တတ်စေဖို့ ရည်ရွယ်ပြီး (၃၁-၅-၂၀၂၁) ရက်နေ့မှ (၂၅-၆-၂၀၂၁) ရက်နေ့ထိရက် သတ္တပတ် (၄) ပတ်ကြာ သင်တန်း ဖွင့်လှစ်ပို့ချ ပေးသွားမှာ ဖြစ်ပါကြောင်း၊

              ယခုအခါ စားသုံးသူ တိုင်ကြားမှုတွေကို DOCA website နဲ့ DOCA Application ကနေ တိုင်းကြားနိုင်ပြီး နောင်ဆိုရင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းများကို Online မှတဆင့် ဖြေရှင်းပေးနိုင်သည့် အဆင့်အထိ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19)ကြောင့်ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းမှုနှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့မှာ အလွန်အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ် ဖြစ်လာပါကြောင်း၊ ဒီလိုအသွင်ကူးပြောင်းရာမှာ အစိုးရဌာနအချင်းချင်း၊ အစိုးရနှင့် ပြည်သူအကြား၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပေါင်းစပ်ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာကျွမ်းကျင်မှုအပြင် သတင်းအချက်အလက်ဆိုင်ရာ နည်းပညာကျွမ်းကျင်မှု (IT Skill) များ ပြည့်ဝရန် အထူးလိုအပ်လှပါကြောင်း၊

              COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ပြည်ပနိုင်ငံများနှင့် ဒေသတွင်း ကျင်းပပြုလုပ်သော အစည်းအဝေးများ ၊ ပြည်တွင်း/ပြည်ပသင်တန်း များကို   Virtual စနစ်ဖြင့် ကျင်းပဆောင်ရွက်လျှက်ရှိပါတယ်။ ITနည်းပညာ များသည် အချိန်နဲ့အမျှတိုးတက်နေတာဖြစ်လို့ လူငယ်တွေအနေနဲ့ IT နည်းပညာကို စဉ်ဆက်မပြတ် ကျယ်ကျယ်ပြန့်ပြန့် သိစေလိုပါကြောင်း၊ အတွေး အခေါ်တွေ အမြဲတမ်းဆန်းသစ်နေဖို့ လေ့လာမှုတွေ များများလုပ်ဖို့လိုအပ်တဲ့အတွက် ယခုလိုသင်တန်းတွေ ဖွင့်လှစ်ပို့ချပေး နေတာဖြစ်ပါကြောင်း၊

              ယခုဖွင့်လှစ်တဲ့ရုံးသုံးကွန်ပျူတာသင်တန်းမှာ သင်ကြားပို့ချပေးမယ့် သင်ခန်းစာများက ရုံးလုပ်ငန်းများတွင် အဓိကလုပ်ဆောင်ရသည့် ရုံးစာများ စာစီစာရိုက်ခြင်း ( Microsoft  Office Word)၊ ဌာနခွဲအလိုက် အပတ်စဉ်နှင့် လစဉ် စာရင်းများ/ဝန်ထမ်းအင်အားစာရင်းများရေးဆွဲခြင်း (Microsoft Office, Excel) နှင့် ရုံးလုပ်ငန်းများအတွက် တင်ပြမှုအစီအစဉ်များ ဆောင်ရွက်ခြင်း (MicrosoftOffice Powerpoint)များ၊ ဝန်ကြီးဌာနရဲ့ ကွန်ပျူတာအင်တာနက် အသုံးပြုမှုများ၊ ဦးစီးဌာနများရဲ့ ကွန်ယက်ချိတ်ဆက် ဆောင်ရွက်မှုများ၊ (Internet အသုံးပြုခြင်း)၊ Meeting Conference ပြုလုပ်ခြင်း၊ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းနှင့် ပတ်သက်၍ သတင်းအချက် အလက်များ လေ့လာခြင်း (Website Knowledge of DOCA) ၊ ရုံးလုပ်ငန်းသုံး ဓါတ်ပုံများ၏ အကောင်းဆုံး၊  ပြီးပြည့်စုံသောပုံများ ဖန်တီးဆောင်ရွက်ခြင်း (Adobe Photoshop) စတဲ့ သင်ခန်းစာများ ပါဝင်ကြောင်း၊ သင်တန်းသားများအနေဖြင့် ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့် သွားရန် လိုအပ်ပါကြောင်း၊ သင်တန်းချိန်တွင်းမှာလည်း မရှင်းလင်းတဲ့ သင်ခန်းစာများကိုလည်း နည်းပြများထံ အချိန်မရွေးမေးမြန်းနိုင်ပါကြောင်း၊ သင်ယူလေ့လာ ရသမျှတွေကို လက်တွေ့ ရုံးလုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ အကျိုးရှိစွာအသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ သင်တန်း ပြီးဆုံးပါက ပို့ချခဲ့သောသင်ခန်းစာများမှာသာ ရပ်တန့်မနေဘဲ နည်းပညာအသုံးပြုမှုများကို ဆက်လက်လေ့လာဆည်းပူးသွားရန်လိုအပ်ပြီး ဌာနအကျိုး၊ တိုင်းပြည် အကျိုး အတွက် အုတ်တချပ်၊ သဲတပွင့်အဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြား ခဲ့ပါသည်။

              ဆက်လက်၍ ဒုတိယဝန်ကြီးဦးညွှန့်အောင်၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းတို့က အမှာစကားအသီးသီးပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်  စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှုးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း/အရည်အသွေး