Main menu

ကာကွယ်ဆေးထိုးနှံပြီးသူပြည်ပခရီးသည်များအားပြန်လည်ဝင်ရောက်ခွင့်ပြုရန် အီးယူအဖွဲ့ဝင် နိုင်ငံများက သဘောတူညီခဲ့ခြင်း

Powered by Drupal

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပြီးသူဖြစ်ပါက အီးယူပြင်ပနိုင်ငံများမှ ကမ္ဘာ လှည့်ခရီးသည်များအား အီးယူနယ်မြေသို့ ဝင်ရောက်ခွင့်ပြုသွားရန် အီးယူအဖွဲ့ဝင်(၂၇) နိုင်ငံ က သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ကာကွယ်ဆေးထိုးပြီးသူ ပြည်ပခရီးသည်များ အီးယူသို့ non-essential travel အဖြစ် ဝင်ရောက်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ပြန်လည်ဖြေလျှော့ပေးရန် ဥရောပကော်မရှင်၏ အဆိုပြုချက်ကို အီးယူအဖွဲ့ဝင်နိုင်ငံများက သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
အီးယူသို့ non-essential travel အဖြစ် ဝင်ရောက်ခွင့်ပြုသည့် နိုင်ငံစာရင်းတွင် ရောဂါကူးစက်မှုဆိုင်ရာ အခြေအနေကောင်းများရှိသည့် နိုင်ငံများအား တိုးချဲ့ခွင့်ပြုသွားရေး စံနှုန်းသတ်မှတ်ချက်များ ပြင်ဆင်ရန်ကိုလည်း သဘောတူညီခဲ့ပါသည်။ ထို့ကြောင့် အီးယူ ကောင်စီက ခွင့်ပြုနိုင်ငံစာရင်းကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ပါသည်။ non-essential travel အတွက် ခွင့်ပြုနိုင်ငံစာရင်း သတ်မှတ်ရာတွင် သီတင်းပတ် (၂) ပတ်အတွင်း လူဉီးရေ (၁၀၀,၀၀၀) လျှင် ရောဂါကူးစက်သူ အရေအတွက် (၂၅) ဉီးရှိသည့် နိုင်ငံများကို ယခင်က ခွင့်ပြုခြင်းဖြစ်ပါသည်။ ဥရောပကော်မရှင်က ၎င်းအရေအတွက်အား (၁၀၀) သတ်မှတ်ရန် အဆိုပြုခဲ့ပြီး၊ အီးယူကောင်စီက(၇၅)ဉီးသို့ လျှော့ချသတ်မှတ်သွားဖွယ်ရှိကြောင်းသိရပါသည်။
ထိုသို့ခွင့်ပြုရာတွင် ဗိုင်းရပ်စ်မျိုးကွဲအသစ် တွေ့ရှိခဲ့ပါက အရေးပေါ် ထိန်းချုပ်မှုစနစ် (Emergency Brake) ထားရှိရေးကိုလည်း အီးယူအဖွဲ့ဝင်နိုင်ငံများက သဘောတူညီခဲ့ကြပါ သည်။ အီးယူမှ တိုးမြှင့်ခွင့်ပြုမည့် non-essential travel ဝင်ရောက်ခွင့်နိုင်ငံများ စာရင်းတွင် ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့ ပါဝင်လာနိုင်ဖွယ်ရှိကြောင်း သိရပါသည်။ အီးယူ၏ ယခုကဲ့သို့ ပြည်ပခရီးသည်များ ပြန်လည်ဝင်ရောက်ခွင့်ပြုရန် ဆောင်ရွက်ချက်သည် အီးယူသို့ နိုင်ငံတကာခရီးသွားများ (Inbound Travel) ဝင်ရောက်မှု တဖြည်းဖြည်းချင်း ပြန်လည်စတင်နိုင်ရေးကို အထောက်အကူဖြစ်စေနိုင်ကြောင်း ဥရောပကော်မရှင်၏ ပြောခွင့် ရပုဂ္ဂိုလ် Christian Wigand က ပြောကြားခဲ့ပါသည်။ သို့သော် ဥရောပတစ်ဝန်း၌ ကာကွယ်ဆေးထိုးနှံမှုများ တိုးတက်လျက်ရှိသော်လည်း လက်ရှိအခြေအနေသည် နိုင်ငံတကာ ခရီးသွားလာမှုများ ပြန်လည်လုပ်ဆောင်နိုင်သည့် ဘေးကင်းလုံခြုံမှုမျိုး မရရှိသေးကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Hans Kluge က ပြောကြား ခဲ့ကြောင်း သိရပါသည်။
(ရင်းမြစ်- ဘရပ်ဆဲလ်မြို့ရှိ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)