အနောက်အာရှဒေသရှိ အိုမန်၊ ဂျော်ဒန်၊ ဆောဒီအာရေးဘီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အီဂျစ်နိုင်ငံတို့သည် လယ်ယာထွက်ကုန်များတင်သွင်းရာ၌ ပိုးသတ်ဆေးကြွင်းဆိုင်ရာ သတ်မှတ်ချက်များအား ဥရောပသမဂ္ဂနိုင်ငံများနှင့် အဆင့်တူညီစွာ ပြဌာန်းခဲ့ကြရာ အိန္ဒိယ၏ အဆိုပါနိုင်ငံများသို့ ဘာစမာတီဆန်များတင်ပို့နေမှုအပေါ် ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်လာဖွယ်ရှိနေပါသည်။ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများတွင် ဆန်၌ ပိုးသတ်ဆေးကြွင်းပါဝင်မှု သတ်မှတ်ချက်အား အဆင့်မြှင့်တင်ခဲ့သည့် ၂၀၁၇ ခုနှစ် နောက်ပိုင်းမှစ၍ အိန္ဒိယနိုင်ငံ၏ ပရီမီယံ အရည်အသွေးအဆင့် ဘာစမာတီဆန်များအား EU သို့တင်ပို့မှုမှာ ကျဆင်းလျက်ရှိသည်။ လက်ရှိကာလ၌ ရူပီးငွေကုဋေ ၃၀၀၀၀ (အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ) တန်ဖိုးရှိသော အိန္ဒိယ၏ ဘာစမာတီဆန် ပြည်ပတင်ပို့မှုလုပ်ငန်း၏ ၈၀% ခန့်သည် အနောက်အာရှဒေသဈေးကွက်သို့ တင်ပို့လျက်ရှိသည်။ သို့ဖြစ်ရာ အဆိုပါနိုင်ငံများက ကြိုတင်အသိပေးခြင်းမရှိဘဲ ပိုးသတ်ဆေးကြွင်းပါဝင်မှု အဆင့်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ပေးရန် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့ အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း (AIREA) က တောင်းဆိုလျက်ရှိသည်။ EU နှင့် အခြားနိုင်ငံများတွင် လယ်ယာထွက်ကုန်များ၌ ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်ခွင့်အား ကွဲပြားခြားနားစွာ သတ်မှတ်ပြဌာန်းထားခြင်းက အိန္ဒိယ၏ ဆန်တင်ပို့မှုလုပ်ငန်းအတွက် စိန်ခေါ်မှုများစွာ ကြုံတွေ့စေရကြောင်း AIREA အသင်း၏ ဥက္ကဌ Mr. Nathi Ram Gupta ကပြောဆိုပါသည်။ အဆိုပါအသင်းမှ အမှုဆောင်ဒါရိုက်တာ Mr. Vinod Kaul ကလည်း ပိုးသတ်ဆေးကြွင်း ပါဝင်ခွင့်အား အနောက်အာရှဒေသနိုင်ငံများက EU နှင့်အဆင့်တူ သတ်မှတ်ခဲ့ရာ အိန္ဒိယကုန်သည်များအနေဖြင့် လိုက်လျောညီထွေဖြစ်အောင် အပြင်းအထန် အားထုတ်လုပ်ကိုင်နေရကြောင်း၊ EU အဖွဲ့ဝင်နိုင်ငံများ၌ အရည်သွေးသတ်မှတ်ချက်မှာ တစ်ပြေးညီရှိသော်လည်း အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများတွင်မူ GSO, Codex နှင့် EU တို့၏ စံသတ်မှတ်ချက်များအား ရောထွေးစွာပြဌာန်းထားခြင်းက အခက်အခဲဖြစ်စေကြောင်း၊ ဤပြဿနာများက အိန္ဒိယ၏ ယခုနှစ်ဆန်တင်ပို့မှု စာရင်း အင်းများအပေါ် ကြီးမားစွာ သက်ရောက်စေမည်ဖြစ်သကဲ့သို့ တောင်သူလယ်သမားများနှင့် ပြုပြင်ထုတ်လုပ်သူများကိုလည်း ထိခိုက်နိုင်ဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ချိန်တွင် ပြည်ပဈေးကွက်နိုင်ငံများ၌ ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်ခွင့် သတ်မှတ်ချက်အား ကွဲပြားခြားနားစွာ ပြဌာန်းထားသည်ကို သိရှိနားလည်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၏ လယ်ယာကဏ္ဍ အသိပညာပေးလုပ်ငန်းများကို ပြင်ဆင်လုပ်ဆောင်ရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားပါသည်။ အိန္ဒိယနိုင်ငံ၌ လယ်ယာလုပ်ငန်းသုံး ပိုးသတ်ဆေးများအား ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ပိုးသတ်ဆေးအုပ်စုများအား မှတ်ပုံတင်ခြင်းမပြုမီ အဆိုပါထုတ် ကုန်များကို EU နှင့် အမေရိကန်နိုင်ငံတို့၌ မှတ်ပုံတင်ထားရှိနှင့်ပြီးဖြစ်ကြောင်း စာရွက်စာတမ်း အထောက်အထားများ ဦးစွာတင်သွင်းစေရေး စီစဉ်ဆောင်ရွက်ရန် AIREA က တောင်းဆိုထားပါ သည်။ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့ ပေးပို့သည့်စာတွင် ဒူဘိုင်းမြူနီစီပယ်အာဏာပိုင်သည် လက်လီဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဘာစမာတီဆန်များကို နမူနာကောက်ယူ စစ်ဆေးလျက်ရှိကြောင်းနှင့် Thiamethoxam နှင့် Tricyclazole ပိုးသတ်ဆေး ဓာတ်ကြွင်း ပါဝင်မှုမှာ သတ်မှတ်ခွင့်ပြူချက်ထက် ပိုမိုကြောင်းတွေ့ရှိရပါက ဆန်တင်သွင်းမှုကို လက်မခံပဲ ငြင်းပယ်မည်ဖြစ်သည်ဟု အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များထံ စတင်အသိပေး ဆောင်ရွက်လျက်ရှိကြောင်းဖြင့် AIREA က ဖော်ပြထားပါသည်။ အိန္ဒိယဆန်ကုန်သည်အသင်း၏ ပြောဆိုမှုအရ အိုမန်၊ လက်ဘနွန် နှင့် အီဂျစ်နိုင်ငံတို့သည် လွန်ခဲ့သော ၁ နှစ်ကာလကပင် ပိုးသတ်ဆေး ဓာတ်ကြွင်းဆိုင်ရာ လိုအပ်ချက် အတိအကျအား ကုန်သွယ်ဘက်များထံ ကြိုတင်အသိပေးခြင်းမရှိဘဲ နမူနာစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။ AIREA ၏ ဖော်ပြချက်အရ ၂၀၂၀-၂၁ ခုနှစ်တွင် အိန္ဒိယမှ ပြည်ပသို့ ဘာစမာတီဆန်တင်ပို့မှုတန်ဖိုးမှာ ရူပီးငွေ ၂၉၈၅၉ ကုဋေရှိပြီး ၎င်းအနက် အနောက်အာရှနိုင်ငံများသို့ တင်ပို့မှုတန်ဖိုး ရူပီး ၂၂၈၄၉ ကုဋေ ပါဝင်ကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံများသို့ ဘာစမာတီဆန်တန်ချိန် ၃၉၇၀၀၀ အား ၂၀၁၇-၁၈ ခုနှစ်၌ တင်ပို့ခဲ့သော်လည်း ၂၀၁၉-၂၀ ခုနှစ်တွင် တင်ပို့မှုတန်ချိန် ၂၄၁,၀၀၀ သို့ ကျဆင်းခဲ့ကြောင်း သိရှိရသည်။ Source: Basmati exports to West Asia to be hit on tighter pesticide norms, 29-5-2021, Financial Express (နေအေးလွင်၊ စီးပွားရေးသံမှူး) မြန်မာသံရုံး၊ နယူးဒေလီမြို့
ပိုးသတ်ဆေးကြွင်းဆိုင်ရာ သတ်မှတ်ချက်များက အနောက်အာရှဒေသသို့ အိန္ဒိယ၏ ဘာစမာတီဆန် တင်ပို့မှုကို ထိခိုက်စေဖွယ်ရှိခြင်း
Powered by Drupal