ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်၏ ပထမ ၆ လတာကာလအတွင်း ဆန်တန်ချိန် ၄ သန်းကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် ၂၀ ရာခိုင်နှုန်းအထိ မြှင့်တက်တင်ပို့လာခဲ့ကြောင်း Bangkok Post သတင်းဌာနက ဇွန်လ ၂၁ ရက်နေ့၌ ဖော်ပြပါသည်။
ထိုင်းနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုကို ယှဉ်ပြိုင်စွမ်းအားတိုးမြှင့်အောင် ကြိုးစားဆောင်ရွက်လျက်ရှိရာ ဈေးကွက်ဝယ်လိုအားကို ဖြည့်တင်းနိုင်ရေးအတွက် ဆန်မျိုးစိတ်အသစ်များ အရှိန်မြှင့်စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့်အပြင် လာမည့်နှစ်တွင် ဆန်မျိုးစိတ်အသစ်ပေါင်း ၃၀ ကို မိတ်ဆက်ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Jurin Laksanawisit ၏ ပြောကြားမှုတွင် ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့ဆန်ဈေးကွက်သို့ ကွဲပြားခြားနားမှုရှိသော ထုတ်ကုန်များအား ကမ်းလှမ်းပေးနိုင်မှုမရှိသည့် အားနည်းချက်တစ်ရပ်ရှိနေကြောင်း၊ သို့ဖြစ်ရာ ပြိုင်ဖက်နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် ဆန်မျိုးစိတ်အသစ်များ ထုတ်လုပ်နိုင်ရေး အမြန်ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ ဆန်တင်ပို့ရာ၌ ယှဉ်ပြိုင်နိုင်မှုစွမ်းအားကို မြှင့်တင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ ၅ နှစ်တာ ဖွံ့ဖြိုးရေးစီမံကိန်းကို ချမှတ်ထားရာ ၂၀၂၄ ခုနှစ်တွင် အနည်းဆုံး ဆန်မျိုးစိတ်အသစ် ၁၂ မျိုးကို ဖော်ထုတ်တင်ပို့နိုင်ရေး လျာထားခဲ့ကြောင်း၊ ၎င်းမျိုးစိတ်များမှာ ဆန်အမာ (Hard-Texture) မျိုးစိတ် (၄) ခု၊ ဆန်အပျော့ (Soft-Texture) မျိုးစိတ် (၄) ခု၊ ထိုင်းဆန်မွှေး (Fragrant) မျိုးစိတ် (၂) ခုနှင့် အာဟာရမြင့်မားသည့်ဆန် (High-Nutrition) မျိုးစိတ် (၂) ခုတို့ဖြစ်ကြသည့်အပြင် ကမ္ဘာ့စားသုံးသူများ၏ ဝယ်လိုအားအများဆုံးရှိသည့် မျိုးစိတ်များဖြစ်ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်မှုများ ရရှိခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ဆန်မျိုးစိတ်အသစ် ၁၂ မျိုးကို အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်းဖြင့် သိရသည်။
ထို့အပြင် ဆန်စပါးဦးစီးဌာနက အတည်ပြုခဲ့သည့် အဆိုပါ ဆန်မျိုးစိတ်အသစ် ၁၂ ခု အပါ အဝင် ၅ နှစ်စီမံကိန်းအရ ဆန်မျိုးစိတ်ပေါင်းအသစ် ၂၁ ခု အောင်မြင်စွာ ဖော်ထုတ်ခဲ့ပြီးဖြစ်ကြောင်း၊ အရေအတွက်အားဖြင့် ရည်မှန်းချက်ကို ကျော်လွန်ခဲ့ပြီ ဖြစ်သည့်အပြင် ၂၀၂၄ ခုနှစ်အတွက် ပန်းတိုင်သတ်မှတ်ချက်ကိုလည်း ကျော်လွန်ရောက်ရှိခဲ့ပြီဖြစ်ကြောင်းဖြင့် Mr. Jurin က ပြောဆိုပါသည်။
ယခုနှစ်တွင် ထိုင်းနိုင်ငံအနေဖြင့် ဒုတိယအကြီးဆုံးဆန်တင်ပို့သူဖြစ်လာမည်ဖြစ်ကြောင်း၊ အစိုးရအသစ်အနေဖြင့် ဆန်စပါးဆိုင်ရာမဟာဗျူဟာများကို ဦးစားပေးဆောင်ရွက်ပေးမည်ဟု မျှော်လင့်ကြောင်းဖြင့် Mr. Jurin ၏ ပြောကြားမှုကို သိရသည်။
ထိုင်းနိုင်ငံဆန်စပါးတင်ပို့သူများအသင်း (TREA) ကလည်း ကမ္ဘာ့ဈေးကွက်၌ ဝယ်လိုအား မြင့်တက်လျက်ရှိခြင်း၊ ဗီယက်နမ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းနည်းပါးမှုအရ ထိုင်းဆန်၏ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားခြင်းတို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဒုတိယ ၆ လတာ၌ ဆန်ပို့မှုမှာ အရည်အသွေးနှင့် အရေအတွက်နှစ်ခုလုံးတွင် တိုးတက်မှုရရှိမည်ဟု မျှော်လင့်ရကြောင်း၊ အယ်လ် နီညို ဖြစ်စဉ်ကြောင့် ရရှိနိုင်မည့် မိုးရေချိန်အတိုင်းအတာကို ခန့်မှန်းနိုင်မှု မရှိသော်လည်း ကနဦးဆန်းစစ်မှုများအရ ၂၀၂၂ ခုနှစ်၌ ထုတ်လုပ်နိုင်မှုနည်းတူ ယခုနှစ်တွင် ဆန်တန်ချိန် သန်း ၂၀ အထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်းဖြင့် ပြောကြားပါသည်။
Source: Bangkok Post, 21 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)