Main menu

အိန္ဒိယမှ ဆန်တန်ချိန် ၁ သန်း အင်ဒိုနီးရှားနိုင်ငံက တင်သွင်းမည်

Powered by Drupal

ယခုနှစ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် သီးနှံရိတ်သိမ်းရရှိနိုင်မှု ကျဆင်းမည့် ဘေးအန္တရာယ်မြင့်မားလာသည့် အခြေအနေတွင် အဓိကစားနပ်ရိက္ခာများ လုံလောက်မှုရှိရန် လိုအပ်ချက်အပေါ် စီမံဆောင်ရွက်မှုအဖြစ် အိန္ဒိယနိုင်ငံထံမှ ဆန်တန်ချိန် ၁ သန်း ဝယ်ယူတင်သွင်းရန် သဘောတူညီခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရက ပြောကြားခဲ့သည်။

ဒေသခံလယ်သမားများက မကြာခဏ ကန့်ကွက်လေ့ရှိသည့် ပြည်ပမှ ဆန်တင်သွင်းမှု အစီအမံကို လူကြိုက်များခြင်းမရှိသော်လည်း မိမိတို့အနေဖြင့် အစပြုလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အရန်ထားရှိသည့်ဆန်များ လက်ကျန်နည်းပါးသည့်အချိန်တွင် အဆိုပါတင်သွင်းမည့် ဆန်များကို ဖြန့်ဖြူးမည်ဖြစ်ကြောင်း၊ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကာလအတွင်း ဈေးနှုန်းများမြင့် တက်ခဲ့ပါက ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် အရန်ရိက္ခာ လုံလောက်စွာရှိရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ အစိုးရအနေဖြင့် မည်သည့်အချိန်တွင်မဆို အိန္ဒိယနိုင်ငံထံမှ ဆန်တန်ချိန် ၁ သန်း ဝယ်ယူရရှိနိုင်မည့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်းဖြင့် အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Mr. Zulkifli Hasan က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော မေလနှောင်းပိုင်းတွင်  တစ်နိုင်ငံလုံး၌ ကြက်သွန်ဖြူ လက်ကျန်နည်းပါးလျက်ရှိပြီး စျေးနှုန်းမြင့်မားနေမှုကိုကျဆင်းစေရန်အတွက် ပြည်ပမှတင်သွင်းခွင့်ပြုရန် အမျိုးသားစားနပ်ရိက္ခာအေဂျင်စီက တောင်းဆိုသော်လည်း ပြည်တွင်းထုတ်လုပ်သူများ၏ အကျိုးစီးပွားအတွက် တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် မှီခိုအားထားမှုကို လျှော့ချသင့်ကြောင်း ပြောဆိုလျက် ကြက်သွန်ဖြူ တင်သွင်းမှုကို Mr. Zulkifli က ကန့်ကွက်ခဲ့သည်။

အိန္ဒိယနိုင်ငံနှင့် သဘောတူညီချက်မရသေးမီ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းကပင် ဗီယက်နမ်၊ ထိုင်းနှင့် ပါကစ္စတန်တို့အပါအဝင် ပြည်ပနိုင်ငံများမှ စုစုပေါင်းဆန်တန်ချိန် ၅ သိန်းကို အင်ဒိုနီးရှားအစိုးရက မှာယူခဲ့ပြီး အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ၏ ဖော်ပြချက်အရ ယခုနှစ်တွင် ဆန်တန်ချိန် ၂ သန်းခန့် တင်သွင်းရန်ရှိကြောင်း သိရသည်။

အစိုးရ၏ အဆိုပါသွင်းကုန်အစီအစဉ်သည် လယ်သမားများကို တုန်လှုပ်စေခဲ့ပြီး အရှေ့ ဂျာဗားနှင့် အလယ်ပိုင်းဂျာဗား ဒေသများရှိ လုပ်ကွက်ငယ်တောင်သူများက လယ်ယာလုပ်ငန်းခွင်၌ပင် ဈေးနှုန်းများ ကျဆင်းစေနိုင်သည့် အဆိုပါအစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း မတ် ၂၇ ရက်နေ့၌ The Jakarta Post သတင်းဌာနသို့ ပြောကြားခဲ့ကြသည်။ အင်ဒိုနီးရှား လယ်သမားများသည် ယူကရိန်းစစ်ပွဲမှ အကျိုးဆက်ဖြစ်ပေါ်လာသည့် သွင်းအားစုပြဿနာများကြောင့် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာခြင်းအပါအဝင် လွန်ခဲ့သည့်လများအတွင်း အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

ကျွမ်းကျင်ပညာရှင်အချို့ကမူ အစိုးရအနေဖြင့် ဆန်တင်သွင်းခြင်းကို ရှောင်ကြဉ်လျက် ယခုနှစ်တွင် နိုင်ငံ၏ ဆန်စပါးထုတ်လုပ်ရရှိနိုင်မည့် အခြေအနေကို ပိုမိုရှင်းလင်းစွာ သိရှိနိုင်မည့် သြဂုတ်လအထိ စောင့်ဆိုင်းရန် တိုက်တွန်းလျက်ရှိသည်။

ဗီယက်နမ်နိုင်ငံအပါအဝင် အချို့နိုင်ငံများက ၎င်းတို့၏ကုန်စည်တင်ပို့မှုများကို ကန့်သတ်ရန် ကြိုးပမ်းနေမှုများကြောင့် ဆန်ဝယ်ယူရေးမှာ ပုံမှန်ထက် ပိုမိုခက်ခဲမည့် အခြေအနေရှိသည်။ ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် တင်ပို့နေသည့် ဆန်တန်ချိန် ၇.၁ သန်းမှ ၂၀၃၀ ခုနှစ်တွင် နှစ်စဉ် ဆန်တန်ချိန် ၄ သန်းသာ တင်ပို့နိုင်မည်ဟု မကြာသေးမီက ကြေညာခဲ့သည်။

သို့ရာတွင် အိန္ဒိယ၊ ပါကစ္စတန်၊ ထိုင်းနှင့် မြန်မာ တို့ကဲ့သို့ ဆန်ထုတ်လုပ်သည့် နိုင်ငံများသည် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်းကုန်လက်ကျန်လိုအပ်ချက်ကို အလွယ်တကူ အဆင်သင့် ဖြည့်ဆည်းပေးနိုင်သဖြင့် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်မူဝါဒ ပြောင်းလဲမှုအပေါ်  စိုးရိမ်စရာမရှိကြောင်း အစိုးရထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (Bulog) က ပြောကြားခဲ့သည်။

Source: Asia News Network, 19 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)