ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် သံပရာသီးပင်များစိုက်ပျိုးထားရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၂-၆-၂၀၂၃)နေ့၊ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာရှိ သံပရာသီးစိုက်ပျိုးသည့် တောင်သူ ဒေါ်စန္ဒာနှင့်တွေ့ဆုံပြီး မေးမြန်းရာ မိမိတွင် သံပရာပင်စိုက်ဧက (၀.၂၅) ဧကရှိပြီး သံပရာပင်ပေါင်း (၅၀) ပင်ခန့်ဝင်ဆံ့ကြောင်းသိရပါသည်။ သံပရာပင် (၀.၂၅) ဧကစိုက်ပျိုးရာတွင် ကုန်ကျစရိတ်မှာ (၅၉၀၀၀) ကျပ်ခန့်ကုန်ကျ၍ သံပရာသီးပေါ်ချိန်တွင် တစ်လလျှင် (၂) ကြိမ်ခူးဆွတ်ရကြောင်းသိရပါသည်။ သံပရာသီးတစ်ကြိမ်ခူးဆွတ်လျှင် အလုံးရေ (၃၀၀၀) ခန့်ရရှိပြီး (၂) ကြိမ်ခူးဆွတ်လျှင် သံပရာသီးအလုံးပေါင်း (၆၀၀၀) ခန့်ရရှိသည်ဟု သိရပါသည်။
ထွက်ရှိလာသော သံပရာသီးများကို တစ်လုံးလျှင် (၃၀) ကျပ်နှုန်းဖြင့် ဈေးများသို့ သွားရောက်ရောင်းချသဖြင့် တစ်လဝင်ငွေရရှိမှုမှာ (၁၈၀၀၀၀) ကျပ်ခန့်ရရှိကြောင်းသိရပါသည်။ သံပရာပင် (၀.၂၅) ဧကအတွက် အကျိုးအမြတ်မှာ (၁၂၁၀၀၀) ကျပ်ခန့်ရရှိကြောင်းသိရပါသည်။ သံပရာပင်စိုက်ပျိုးထားလျှင် (၃) နှစ်ခန့် ခူးယူစားသုံးရသဖြင့် နောက်ပိုင်းအကျိုးအမြတ်သာရရှိလာနိုင်မည်ဖြစ်ပါသည်။ သံပရာပင်စိုက်ပျိုးခြင်းကြောင့် မိမိတို့၏မိသားစုအတွက် အပိုဝင်ငွေရရှိသည့်အပြင် ဧကပိုမိုတိုးချဲ့စိုက်ပျိုးလာနိုင်ပါက အမြတ်အစွန်းများပိုမိုရရှိလာနိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)