မွန်ပြည်နယ်၊ သထုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၁-၆-၂၀၂၃) ရက်နေ့တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးသန်းက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြီးနောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ယနေ့ခေတ်၌ တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည့် အွန်လိုင်းရောင်းဝယ်မှုများနှင့်အတူ ပေါ်ပေါက်လာသည့်စားသုံးသူတို့၏ ထိခိုက်နစ်နာမှုများနှင့်တိုင်ကြားမှုများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ စားသုံးသူထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အွန်လိုင်းမှ ဝယ်ယူစားသုံးသူများအနေဖြင့် ထိခိုက်နစ်နာမှုမရှိစေရေးအတွက်ထိန်းကျောင်းနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Online Shopping မှတ်ပုံတင်စနစ်လုပ်ငန်းများ စသည့်သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)