Main menu

ကျန်းမာရေးနှင့်ညီညွတ်သည့် သင်ဖြူးဖျာလုပ်ငန်း၏ ဈေးကွက်ရရှိမှု

Powered by Drupal

   ပန်းတနော်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၄)ခုရှိပြီး ကျေးရွာအုပ်စုပေါင်း (၅၂)အုပ်စုရှိသည့်အပြင် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သော စပါး၊ ပဲ၊ ပြောင်းကို အဓိကထားစိုက်ပျိုးပြီး ဟင်းသီးဟင်းရွက်နှင့် အခြားသောစိုက်ပျိုးရေးထုတ်ကုန်များ၊ အစားအသောက်ထုတ်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်လျက်ရှိသောမြို့ဖြစ်ပါသည်။

  ပန်းတနော်မြို့နယ်ရှိ  မြစ်ငါးတန်မွေးမြူရေးလုပ်ငန်းသည် ရန်ကုန်ဈေးကွက်အပြင် နိုင်ငံခြားဈေးကွက်သို့ပါတင်ပို့ရောင်းချလျက်ရှိပြီး နိုင်ငံခြားဈေးကွက်ရရှိရေးအတွက် အလားအလာကောင်းများကိုရရှိပြီးဖြစ်ပါသည်။ စပါး၊ ဆန်နှင့် မွေးမြူရေးထုတ်ကုန်များရှိရုံသာမက သင်ဖြူးဖျာ လုပ်ငန်းကို တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချနေသော ပန်းတနော်မြို့နယ်၊ ဦးကြည်လွင်၏ သင်ဖြူးဖျာလုပ်ငန်းဆောင်ရွက်မှုအခြေအနေကောင်းများအား စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းက ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

  သင်ဖြူးဖျာလုပ်ငန်းပိုင်ရှင် ဦးကြည်လွင်က မိမိအနေဖြင့် ပန်းတနော်မြို့နယ်၊ ယွန်ကျောင်းလမ်း၊ အနောက်ပိုင်းရပ်ကွက်တွင်နေထိုင်ပြီး ပန်းတနော်မြို့နယ်အတွင်းရှိ သင်ခြံစိုက်တောင်သူများ၏သင်ခြံမှ သင်ပင်များကိုဝယ်ယူအသုံးပြုခဲ့ပါသည်။ သင်ဖျာရက်လုပ်သူများသည် ကုန်ကြမ်း အဖြစ်အသုံးပြုနိုင်ရန်အတွက် သင်ခြံခုတ်၍ထွက်ရှိသောသင်ကိုထက်ခြမ်းခွဲ၍ နေလှမ်းထားသည့်သင်ခွဲခြမ်း (၅၀၀) ပါ တစ်စီးလျှင် သင်မတစ်မသတ်မှတ်ထားရှိပြီး သင်မများကိုရေစိမ်၍ သင်ငင်ပြီး ထွက်ရှိလာသည့်သင်လွှာများကို အချောတစ်ခြမ်း၊ အကြမ်းတစ်ခြမ်းရက်လုပ်၍ အကြမ်းတစ်ခြမ်းကို အောက်လွှာ၊ အချောတစ်ခြမ်းကို အပေါ်လွှာထပ်၍ ချည်ကြိုးဖြင့်ချုပ်ပြီး အနားကွပ်ခြင်းဆောင်ရွက်ပြီးပါက ဖျာခင်း၍အသုံးပြုရန် ရောင်းတန်းဝင်သင်ဖျာတစ်ချပ်ရရှိကြောင်း ပဏာမရှင်းပြခဲ့ပါသည်။

     သင်ဖျာဈေးများမှာ ဘုရားရှိခိုးဖျာတစ်ချပ်လျှင် (၅၀၀၀) ကျပ်မှ (၇၀၀၀) ကျပ်၊ တစ်ယောက်အိပ်သုံးထောင့်ထွာတစ်ချပ်လျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်၊ နှစ်ယောက်အိပ် နှစ်ဖက်ချောအနားကွပ်တစ်ချပ်လျှင် (၅၀၀၀၀) ကျပ်တို့ဖြင့် ဈေးကွက်ရရှိကာ အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် သင်ဖျာလုပ်ငန်းကိုပိုမိုတိုးတက်အောင်ဆောင်ရွက်ရန် နည်းပညာလိုအပ်မှု၊ မတည်ရင်းနှီးငွေလိုအပ်မှုနှင့် လုပ်သားနည်းပါးမှုတို့၏အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

    ရန်ကုန်၊ ပုသိမ်ကားလမ်းဘေးရှိ အမှတ်တရသင်ဖြူးဖျာဆိုင်ပေါင်း(၁၀)ဆိုင်ရှိသည့်အနက် အရောင်းဆိုင်များတွင် သင်ဖြူးဖျာများကိုဝယ်ယူကာ မိမိတို့စိတ်တိုင်းကျ ဇိမ်ခံအသုံးပြုနိုင်ပြီး မွေ့ရာများထက်တွင် အိပ်စက်အနားယူခြင်းထက် ကျန်းမာရေးနှင့်ညီညွတ်သောသင်ဖြူးဖျာလေးပေါ်တွင် အိပ်စက်အနားယူခြင်းမှာ စိတ်ချမ်းမြေ့မှုများကိုပေးစွမ်းနိုင်သည့် ကောင်းကျိုးများကိုတွေ့ရှိရသဖြင့် ယခုအခါ များစွာအသုံးပြုလာကြောင်း အရောင်းအဝယ်တွင်ကျယ်မှုမှတစ်ဆင့်တွေ့ရှိရကြောင်း ဦးကြည်လွင်က ထပ်မံတင်ပြခဲ့ပါသည်။

 စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းက သင်ဖြူးဖျာထုတ်လုပ်သော လုပ်ငန်းရှင်အသင်းအဖွဲ့များမှတစ်ဆင့် သင်ဖြူးဖျာလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအကူအညီများရရှိနိုင်သည့်နည်းလမ်းများနှင့် မတည်ရင်းနှီးငွေအတွက် သက်ဆိုင်ရာဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး များမကြာမီကာလအတွင်း ကျန်းမာရေးနှင့်ညီညွတ်သောသင်ဖြူးဖျာများကို ထုတ်လုပ်မှုအဆင့်အတန်းမီသော ဈေးကွက်ရတန်ဖိုးမြင့်ထုတ်ကုန်တစ်ခုအနေဖြင့် တွေ့မြင်ရဖွယ်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)