Main menu

“သပေါ့ဖျာလုပ်ငန်းအား ကွင်းဆင်းလေ့လာ”

Powered by Drupal

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်နှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဝန်ထမ်းများသည် ကျောက်ဆည်မြို့နယ်၊ အင်ရောင်းကျေးရွာရှိ သပေါ့ဖျာလုပ်ငန်းရှင်များကိုတွေ့ဆုံ၍ ကုန်ကြမ်းရရှိမှု၊ ကုန်ချောဖြန့်ဖြူးမှုနှင့်လုပ်ငန်းလည်ပတ်မှုအခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ပါသည်။

  ကွင်းဆင်းလေ့လာမှုအရ အင်ရောင်းကျေးရွာ၌ အိမ်ထောင်စု(၂၁၀)ရှိပြီး သပေါ့ဖျာလုပ်ငန်းလုပ်ကိုင်သူဦးရေ(၁၆၀)ဦးရှိကြောင်း၊ သပေါ့ဖျာလုပ်ငန်းကို ရှေးအစဉ်အလာမိရိုးဖလာအဆင့်ဆင့် လက်ဆင့်ကမ်းရက်လုပ်လာခဲ့ပြီး ယခုအခါ မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်ရက်လုပ်လာကြပါသည်။ သပေါ့ဖျာရက်လုပ်ရန်အတွက် အပင်(၁၀၀)ပါ (၁၀)ချပ်တစ်စည်းလျှင် ငွေကျပ်(၁၅၀၀၀/-)ကျပ်ပေးရကြောင်း၊ အပင်(၁၀၀)စည်းတွင် ဖျာအကြီး/အလတ်/အသေး(၁၀)ချပ်ရရှိကြောင်း၊ သပေါ့ဖျာ(၁၀)ချပ်လျှင် (၅၀၀၀၀/-)ကျပ်ရရှိကာ လူတစ်ဦးလျှင် တစ်နေ့(၂)ချပ်မှ (၃)ချပ်အထိပြီးစီးအောင်ယက်လုပ်နိုင်ကြောင်း၊ (၁၀)ချပ်ကို (၅)ရက်နှင့်အပြီး ရက်လုပ်သဖြင့် လူတစ်ဦး တစ်ရက်လျှင် (၇၀၀၀/-)ကျပ်ရရှိပါကြောင်း၊ လယ်ယာလုပ်ငန်းလုပ်ကိုင်ရာတွင် လူတစ်ဦး တစ်နေ့လျှင် (၄၅၀၀/-)ကျပ်သာရရှိပြီး ယခုကဲ့သို့ ဖျာရက်လုပ်ရောင်းချပါက အရင်းအနှီးနှင့် နေ့တွက်လုပ်ခအပါအဝင် (၃၂၅၀၀/-)ကျပ်သာကုန်ကျပြီး တစ်ရက်လျှင် (၂၅၀၀)ကျပ်ပိုမိုရရှိသဖြင့် အိမ်တွင်နေရင်း အိမ်မှုကိစ္စများပြုလုပ်၍ ဖျာများရက်လုပ်ရောင်းချသောကြောင့် မိသားစုအပိုဝင်ငွေတိုးလျက်ရှိကြောင်း၊ ရာသီသုံးမျိုးလုံး ဖျာရက်လုပ်ငန်းလုပ်ကိုင်နိုင်ရန် အရင်းအနှီးလိုအပ်ကြောင်း၊ မိုးတွင်းအတွက်ကြိုတင်၍ နှီးပေါများဝယ်လှောင်ရန်အတွက် လူတစ်ဦးလျှင် အရင်းအနှီး(၁၅၀၀၀၀/-)ကျပ်ခန့်လိုအပ်လျက်ရှိကြောင်း၊ ရက်လုပ်ပြီးသောဖျာများကို လှည့်လည်၍ ရောင်းချစရာမလိုဘဲ လာရောက်ဖောက်သည်ယူရောင်းသူများထံသို့သာ ရောင်းချရသဖြင့် သပေါ့ဖျာရက်လုပ်သောလုပ်ငန်းရှင်များမှာ အဆင်ပြေလျက်ရှိကြောင်း၊ သပေါ့ဖျာရက်လုပ်သော လုပ်ငန်းရှင်များ၏ပြောကြားချက်အရ သိရှိရပါသည်။ သပေါ့ဖျာလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ကျေးရွာတစ်ရွာတွင် ထုတ်ကုန်တစ်မျိုးထုတ်လုပ်လာနိုင်သည့်အတွက် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် ပံ့ပိုးကူညီဆောင်ရွက်ပေးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)