Main menu

ကံမမြို့၌ ကုန်စုံဆိုင်အရောင်းပိုင်ရှင်များနှင့် ထုတ်လုပ်သည့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြစေရေး အသိပညာပေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် သရက်ခရိုင်၊ ကံမမြို့ရှိ ကုန်စုံဆိုင်အရောင်းပိုင်ရှင်များနှင့် တစ်နိုင်တစ်ပိုင်ထုတ်လုပ်သည့်လုပ်ငန်းရှင်များ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကံမမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ခန်းမ၌ မြို့နယ်စည်ပင်ဦးစီးမှူးအပါအဝင် ဝန်ထမ်း(၆)ဦး၊ ကုန်စုံဆိုင်အရောင်းပိုင်ရှင်များနှင့် တစ်နိုင်တစ်ပိုင်ထုတ်လုပ်သည့် လုပ်ငန်းရှင်(၁၅)ဦးတို့ကို ထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြစေရေး အသိပညာပေးဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ဆွေးနွေးဟောပြောမှုများဆောင်ရွက်ရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက ကုန်စုံဆိုင်အရောင်းပိုင်ရှင်များနှင့် တစ်နိုင်တစ်ပိုင်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ပုဒ်မ(၄၃)အရ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့်ဖော်ပြခြင်းတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက် စသည့်အချက်(၇)ချက်ကိုမဖြစ်မနေ ထည့်သွင်းဖော်ပြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့်ထုတ်ပြန်ခဲ့သည့် ကုန်စည်အုပ်စု(၈)မျိုးပါဝင်၍ ကုန်စည်တစ်ခုချင်းစီအလိုက် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့်ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန်အတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ကုန်စည်အုပ်စုအလိုက်ဖော်ပြရာတွင် (အမှန်ခြစ်)သည် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် အညွှန်းအမှတ်အသားဖြစ်ပြီး (အမှားခြစ်)သည် မဖြစ်မနေဖော်ပြရန်မလိုအပ်ဘဲ ဖော်ပြလိုပါက ဖော်ပြနိုင်သည့်အညွှန်းအမှတ်အသားဖြစ်ပါကြောင်း၊ ဆက်လက်၍ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေက စီးပွားရေးလုပ်ငန်းရှင်များအား ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းလွန်ရက်စွဲများကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်းရှိ မိမိထုတ်လုပ်သောထုတ်ကုန်များသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေပြီး သတင်းအချက်အလက်များပြည့်စုံစွာထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် ထုတ်လုပ်သူများအပေါ်ယုံကြည်လာပြီး စီးပွားရေးအကျိုးများပိုမိုဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)