Main menu

မင်းတုန်းမြို့၌ ကုန်စုံဆိုင်အရောင်းပိုင်ရှင်များနှင့် ထုတ်လုပ်သည့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြစေရေး အသိပညာပေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မင်းတုန်းမြို့နယ်တာဝန်ခံ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေသည် သရက်ခရိုင်၊ မင်းတုန်းမြို့ရှိ ကုန်စုံဆိုင်အရောင်းပိုင်ရှင်များနှင့် တစ်နိုင်တစ်ပိုင်ထုတ်လုပ်သည့်လုပ်ငန်းရှင်များအား ထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို (၇-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းတုန်းမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ မြို့နယ်စည်ပင်ဦးစီးမှူးအပါအဝင် ဝန်ထမ်း(၉)ဦး၊ စည်ပင်ကော်မတီဝင်(၄)ဦး၊ ကုန်စုံဆိုင်အရောင်းပိုင်ရှင်များနှင့် တစ်နိုင်တစ်ပိုင်ထုတ်လုပ်သော လုပ်ငန်းရှင်(၁၂)ဦးတို့အား ထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြစေရေး အသိပညာပေးဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးဟောပြောဆောင်ရွက်ရာတွင် မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေက ကုန်စုံဆိုင်အရောင်းပိုင်ရှင်များနှင့် တစ်နိုင်တစ်ပိုင်ထုတ်လုပ်သည့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ပုဒ်မ(၄၃)အရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့်ဖော်ပြခြင်းတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက် စသည့်အချက်(၇)ချက်ကို မဖြစ်မနေထည့်သွင်းဖော်ပြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့်ထုတ်ပြန်ခဲ့သည့် ကုန်စည်အုပ်စု(၈)မျိုးပါဝင်၍ ကုန်စည်တစ်ခုချင်းစီအလိုက် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့်ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရာတွင် ကုန်စည်အုပ်စုအလိုက် ဖော်ပြရာတွင် (အမှန်ခြစ်)သည် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် အညွှန်းအမှတ်အသားဖြစ်ပြီး (အမှားခြစ်)သည် မဖြစ်မနေဖော်ပြရန် မလိုအပ်ဘဲဖော်ပြလိုပါက ဖော်ပြနိုင်သည့် အညွှန်းအမှတ်အသားဖြစ်ပါကြောင်း၊ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းက စီးပွားရေးလုပ်ငန်းရှင်များအား ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းလွန်ရက်စွဲများကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၂၁)အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို ပျက်ကွက်ကြောင်းနှင့် ပုဒ်မ၂၄/ ၂၅နှင့် ၂၇တို့အရ စားသုံးသူကတောင်းဆိုနိုင်သောအခွင့်အရေးများကို ပေးအပ်ရန်ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိလျှင် ဖောက်ဖျက်သည့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်ကိုမဆို ဥပဒေပါ ပုဒ်မ(၅၂)အရ စီမံခန့်ခွဲရေးဆိုင်ရာအမိန့်တစ်ရပ်ဖြင့်ဖြစ်စေ၊ အမိန့်တစ်ရပ်ထက်ပို၍ဖြစ်စေ အရေးယူခံရမည်ဖြစ်ပါကြောင်းနှင့် ဈေးကွက်အတွင်းရှိ မိမိထုတ်လုပ်သောထုတ်ကုန်များသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေပြီး သတင်းအချက်အလက်များပြည့်စုံစွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများ ထုတ်လုပ်သူများအပေါ်ယုံကြည်လာပြီး စီးပွားရေးအကျိုးများပိုမိုဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)