Main menu

အာဖရိက နိုင်ငံ ၈ ခု၏ ဆန်တင်သွင်းမှုအပေါ် မှီခိုရမှုအား လျှော့ချနိုင်ရန် တောင်ကိုရီးယားက ကူညီမည်

Powered by Drupal

အာဖရိကဒေသရှိ နိုင်ငံ ၈ ခုတွင် ဆန်စပါးထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် ပြည်ပမှ ဆန် တင်သွင်းမှုအပေါ် အမှီပြုနေရမှုအား လျှော့ချနိုင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံအနေဖြင့် လာမည့်သီတင်းပတ်တွင် သက်ဆိုင်ရာနိုင်ငံများနှင့် သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးရန် စီစဉ်လျက်ရှိကြောင်း တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီး Chung Hwang-keun က ပြောကြား ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ သမ္မတ Yoon Suk Yeol က နိုင်ငံခြားရေးမူဝါဒကို ပြန်လည်ပြင် ဆင်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ပိုမိုတက်ကြွစွာ ပါဝင်‌ဆောင်ရွက်နေသည့် “ကမ္ဘာ့အချက်အချာ ကျသောနိုင်ငံ” ဖြစ်လာစေရန် ကတိပြုခဲ့မှုအရ အဆိုပါဆောင်ရွက်ချက် ဖြစ်ပေါ်လာခဲ့သည်။

K-Ricebelt စီမံကိန်းအရ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဂါနာ၊ ဂီနီ၊ ဂီနီဘစ်ဆော၊ ဂမ်ဘီယာ၊ ဆီနီဂေါ၊ ကင်မရွန်း၊ ယူဂန်ဒါနှင့် ကင်ညာနိုင်ငံတို့တွင် ဒေသအခြေအနေနှင့် လိုက်လျောညီထွေမှုရှိသော စပါးမျိုးစေ့များ ထုတ်လုပ်ရန်နှင့် အထွက်နှုန်း နှစ်ဆမှ သုံးဆအထိ မြင့်မားလာစေရန် ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် နှောင်းပိုင်းမှစ၍ အာဖရိကသို့ အကြိမ်များစွာ သွားရောက်ခဲ့ရာတွင် ၎င်းတို့အနေဖြင့် အကူအညီများ လိုအပ်နေသည်ဟု တာဝန်ရှိသူများက ပြောဆိုကြကြောင်း၊ စားနပ်ရိက္ခာဖူလုံမှုသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ခဲ့စဉ်က ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများကြောင့် ဆန်ဈေးနှုန်းများသည် နှစ်ဆနီးပါး မြင့်တက်သွားခဲ့ကြောင်း၊ ရိက္ခာတင်သွင်းမှုသည် အဆိုပါနိုင်ငံများ၏ နိုင်ငံခြားအရန်ငွေ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ကြောင်း Chung က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း (ECOWAS) ၏ အဆိုအရ ဆန်သည် အနောက်အာဖရိကဒေသတွင် အဓိကကျသည့် စားသုံးကုန်ဖြစ်သော်လည်း ဒေသတွင်းထုတ်လုပ်မှုသည် ဝယ်လိုအား၏ ၆၀% ခန့်ကိုသာ ဖြည့်ဆည်းပေးနိုင်ကြောင်း သိရသည်။ ဤအချက်က အဆိုပါဒေသ၌ ကမ္ဘာ့စျေးနှုန်း မတည်ငြိမ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ အနှောင့်အယှက်များနှင့် ကြုံတွေ့နေရကြောင်း ဖော်ပြလျက်ရှိပါသည်။

တောင်ကိုရီးယားနိုင်ငံအနေဖြင့် အဆိုပါ စားနပ်ရိက္ခာစီမံကိန်းအတွက် လာမည့်လေးနှစ်တာအတွင်း ဝမ်ငွေ ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၇ သန်း) ကျော်သုံးစွဲရန် စီစဉ်ထားကြောင်းနှင့် ၂၀၂၇ ခုနှစ်မှစ၍  တစ်နှစ်လျှင် စပါးမျိုးစေ့ တန်ချိန် ၁၀၀၀၀ ဖြန့်ဖြူးရန် ရည်မှန်းထားကြောင်းဖြင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ (၁ ဒေါ်လာ = ၁၃၀၂.၃၅ ဝမ်)

တောင်ကိုးရီးယားနိုင်ငံသည် ပြည်တွင်းဝယ်လိုအား၏ ၉၀ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းနိုင်သည်အထိ ဆန်စပါးကို လုံလောက်စွာထုတ်လုပ်နိုင်သော်လည်း အခြားစားသောက်ကုန်အချို့ကိုမူ ပြည်ပမှတင်သွင်းမှုအပေါ် ကြီးမားစွာ မှီခိုနေရဆဲဖြစ်သည်။

အာဖရိကနိုင်ငံ ၈ နိုင်ငံမှ စိုက်ပျိုးရေးဝန်ကြီးများသည် ၁၀-၇-၂၀၂၃ ရက်၊ တနင်္လာနေ့တွင် စီမံကိန်းဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးရန် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ သွားရောက်ကြမည်ဖြစ်သည်။

ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တောင်ကိုရီးယား၏ အဆိုပါ လုပ်ဆောင်ချက်အား ကြိုဆိုခဲ့ပြီး WFP ကိုရီးယားဌာန၏ ဒါရိုက်တာ Marian Sunhee Yun က K-Rice စီမံကိန်းသည် ရာသီဥတုအကျပ်အတည်းကို ခံစားနေရသော အာဖရိကရှိ လယ်သမားများအတွက် ထူးခြားသည့် ဆန်စပါးမျိုးများနှင့် မျှော်လင့်ချက်များကို ဆောင်ကြဉ်းပေးလိမ့်မည်ဟု ပြောကြားခဲ့ပါသည်။

Source: Reuters, 6 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)