ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး လယ်ယာစိုက်ပျိုးရေးကိုအခြေခံလျက် ဆန်၊ စပါးအများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နှစ်စဉ် မိုးစပါးစိုက်ဧက (၃၇) သိန်းကျော်စိုက်ပျိုးလျက်ရှိပါကြောင်း၊ စပါးကြိတ်ခွဲရာမှ ထွက်ရှိလာသောဆန်များကို ဒေသတွင်းစားသုံးမှုဖူလုံရုံသာမက တခြားတိုင်းဒေသကြီးများနှင့် ပြည်ပသို့လည်း တင်ပို့ရောင်းချလျက်ရှိပါကြောင်းသိရှိရပါသည်။
(၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်၊ မိုးစပါးရာသီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ဧက (၃၇၅၇၄၈၉) ဧကစိုက်ပျိုးရန်လျာထားခဲ့ရာ ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်တို့တွင် ဇွန်လကုန်အထိ မိုးစပါးစိုက်ဧက (၁၂၅၈၃၄၇) ဧက၊ ရာနှုန်းအားဖြင့် (၃၃.၄၉%) စိုက်ပျိုးပြီးစီး၍ ကျန်သည့်စိုက်ဧကများကို ဆက်လက်စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနကဦးဆောင်၍ ရာသီဥတုရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများကိုတိုးချဲ့စိုက်ပျိုးရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် (၁) ဧကအထွက်နှုန်းတိုးတက်ရေး မျိုးကောင်းမျိုးသန့်များသုံးစွဲရန်တို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)