Main menu

'' ဦးလာ '' အာလူးကြော်လုပ်ငန်းသို့ အလည်တစ်ခေါက်

Powered by Drupal

  နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအဆင့်အတန်းများကို (SMEs) အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအပေါ် အစိုးရ၏အားပေးကူညီမှုနှင့် ယင်းတို့၏ဖွံ့ဖြိုးတိုးတက်မှုအပေါ်ကြည့်လျှင် သိ နိုင်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ အခန်းကဏ္ဍသည်လည်း များစွာအရေးပါပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော စီးပွားရေးလုပ်ငန်းများ၏ (၉၀) ရာခိုင်နှုန်းကျော်သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ကဏ္ဍများဖြစ်နေရာ ယင်းတို့၏ တိုတက်မှု၊ ဆုတ်ယုတ်မှုသည် တိုင်းပြည်စီးပွားရေးတည်ငြိမ်မှုကို ကျဆင်းမှုနှင့် တိုက်ရိုက်ဆက်စပ်နေမည်ဖြစ်ပါသည်။ နိုင်ငံ၏ထုတ်လုပ်မှုစွမ်းအား ပိုမိုတိုးတက်လာ စေရန်နှင့် GDP ပိုမိုတိုးတက်လာစေရန်တို့အတွက် ပြည်တွင်းရှိ SME များ ပိုမိုရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုတိုးတက်လာစေရန် စက်မှုလုပ်ငန်းကြီးများ၊ နိုင်ငံခြားမှရင်းနှီးမြှုပ်နှံသည့် စက်ရုံလုပ်ငန်းများနှင့် ပြည်တွင်းရှိ SME လုပ်ငန်းများအပြန်အလှန်ချိတ်ဆက် ဆောင်ရွက်နိုင်သည့် စက်မှုချိတ်ဆက်မှုမြှင့်တင်နိုင်ရေးသည် နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသည့် အချက်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း SMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါတစ်ရပ်ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါသည်။

   ထို့ကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ SME လုပ်ငန်းများလုပ်ကိုင်သူများအနက် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ဦးလာ အမှတ်တံဆိပ် အာလူးကြော်လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပါသည်။ ကုန်ပစ္စည်း၏အမည်မှာ ရိုးရိုးလေးနှင့်ဆန်းနေခြင်းသည် ကုန်စည်၏စွဲဆောင်မှုတစ်ခုပင်ဖြစ်နေပါသည်။ ဦးလာ အာလူးကြော်လုပ်ငန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီက အစပြုခဲ့ပြီး  ကပ်ရောဂါအခြေအနေကြောင့် စီးပွားရေးလုပ်ငန်းများကို ခေတ္တရပ်နားခဲ့ရပြီး ကိုဗစ်-၁၉ ကာလအပြီးမှာတော့ တစိုက်မတ်မတ်ကြိုးစားမှုကြောင့် လုပ်ငန်း အောင်မြင်လာခဲ့သည်ဟုသိရပါသည်။

     ဦးလာ အာလူးကြော်လုပ်ငန်းကို ခေတ်စနစ်အရ ယခင်ကဲ့သို့ထင်းမီး၊ ဖွဲမီးများနှင့်ကြော်ခြင်း မဟုတ်ဘဲ ဂက်စ်ကိုအသုံးပြုပြီး ကြော်သောကြောင့် အလုပ်ရုံ၏သန့်ရှင်းမှုမှာ အလွန်ကောင်းမွန်သည်ကိုတွေ့ရပါသည်။ ဂက်စ်ကိုအသုံးပြုခြင်းကြောင့် မီးအနည်း/အများချိန်ဆမှုများမလိုအပ်ခြင်းနှင့် လုပ်သားအင်အားအများကြီးသုံးစရာမလိုခြင်းတို့ကြောင့် လုပ်အားစရိတ်များသက်သာသည်ကိုတွေ့ရပါသည်။ ဂက်စ်အိုးများကိုလည်း အလုပ်ရုံ၏အပြင်ဘက်တွင်ထားပြီး ဂက်စ်ထုတ်ပေးသည့်ပိုက်နှင့် အာလူးကြော်ရာမှထွက်သောညှော်နံ့များကို အိပ်ဇောပိုက်များနှင့်သေချာပြန်ထုတ်ထားတာကြောင့် အလုပ်ရုံကိုသန့်ရှင်းသပ်ရပ်စေပါသည်။ အာလူးများကို ခွာခြင်း/ခြစ်ခြင်းတို့ပြုလုပ်ရာတွင်လည်း စက်များကိုအသုံးပြုပြီး အာလူးခြစ်ကန်၊ အာလူးဆေးကန်များကို အဆင့်ဆင့် သေချာသပ်ရပ်စွာပြုလုပ်ထားပြီး ပိုးမွှားပေါက်ပွားလွယ်မှုများမဖြစ်အောင် အတတ်နိုင်ဆုံး စတီးများကိုသာအသုံးပြုထားသည်ကိုလည်းတွေ့ရပါသည်။ အာလူးကိုခြစ်ပြီးလျှင် အနံ့၊ အရသာ (ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်း၊ ငရုတ်သီးဆီ) များနှင့် အရသာရှိအောင် ပါဝင်ပစ္စည်းများ၏ အချိန်အဆအတိုင်းထည့်၍ ရောနယ်ပြီး Meizan အမှတ်တံဆိပ် ဆီကိုသာအသုံးပြု၍ ကြော်သည်ဟုသိရပါသည်။ အာလူးကြော်တွင် ထည့်သွင်းအသုံးပြုသည့် အနံ့၊ အရသာဖြစ်သော ငရုတ်ကောင်းနဲ့ ငရုတ်သီးကုန်ကြမ်းများကို မန္တလေးဘက်မှ မှာယူအသုံးပြုသည်ဟုသိရပါသည်။ ဦးလာ အာလူးကြော်ကို အပါး (အချို/အစပ်) နှင့် စကာ (အချို/အစပ်) ဆိုပြီး အရသာ (၂) မျိုး၊ အမျိုးအစား (၂) မျိုးတို့ဖြင့် ထုတ်လုပ်ဖြန့်ချိလျက်ရှိသည်ဟုသိရပါသည်။

      အာလူးကြော်၏ အဓိကကုန်ကြမ်းဖြစ်သော အာလူးကို အောင်ပန်း၊ ဟဲဟိုးမှမှာယူပြီး အကောင်းဆုံးအာလူးအမျိုးအစား (ထိပ်စ) ကိုသာသုံးသည်ဟုသိရပါသည်။ တစ်ရက်လျှင် အာလူးပိဿာချိန် (၄၀) ကျော် (၅၀) ခန့်ရပြီး အော်ဒါရှိလျှင် ရှိသလောက် ကြော်ရကြောင်းသိရှိရပါသည်။ ကိုဗစ်-၁၉ ကာလမတိုင်မီတွင် တစ်ရက်လျှင် အာလူးပိဿာချိန် (၈၀) ခန့်အထိကြော်ရပြီး ကိုဗစ်-၁၉ ကာလအလွန်နောက်ပိုင်းတွင် ရောင်းအားမှာ အနည်းငယ်ကျသွားသည်ဟုလည်းသိရပါသည်။ အာလူးပိဿာချိန် (၄၀) ကိုကြော်လျှင် အာလူးကြော် (၃၀၀) ဂရမ်ထုပ် (၈၅) ထုပ်ခန့်ထွက်ပြီး (၉၀) ဂရမ်ထုပ် (၂၅၀) ကျော်ခန့်ထွက်သည်ဟုသိရပါသည်။ အာလူးတစ်ပိဿာကိုကြော်လျှင် ဆီ (၁၅) ကျပ်သားခန့်ကုန်ပြီး ပိဿာချိန် (၈၀) ကိုကြော်လျှင် ဆီ (၁၂) ပိဿာခန့်ကုန်သည်ဟုလည်းသိရှိရပါသည်။ စားသုံးသူများအတွက် ပါကင်အိတ်ကိုလည်း အကောင်းဆုံးပစ္စည်းများနှင့် အသေအချာလုပ်ထားကြောင်းတွေ့ရပါသည်။ အာလူးကြော်ပါကင်အိတ်ကုန်ကြမ်းများကို  တရုတ်ပြည်မှမှာယူ၍ မန္တလေးတွင် တစ်ဆင့်ပါကင်အိတ်စက်ရုံ၌ အိတ်နမူနာပုံစံပြ၍ မှာယူကြပါသည်။ နယ်ဝေးသို့ပို့သည့် ကတ္တူပုံးများကို  ပြည်တွင်းတွင်ပြုလုပ်သည့်ပုံးများကိုသာသုံးသည်ဟုသိရပါသည်။ ပါကင်အိတ်များတွင်လည်း စားသုံးသူများယုံကြည်စိတ်ချစွာစားသုံးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်ညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြပေးထားတာကိုလည်းတွေ့ရှိရပါသည်။ ကုန်စည်၏လိုအပ်သည့်အချက်အလက်များကို ပြည့်စုံစွာဖော်ပြပေးထားမှုကြောင့် စားသုံးသူများဝယ်ယူစားသောက်သည့်အခါ ကုန်စည်လုံခြုံစိတ်ချမှုကိုရရှိစေပါသည်။

   ဦးလာ အာလူးကြော်ကို (၃၀၀) ဂရမ်တစ်ထုပ်လျှင် (၅၀၀ဝိ/-) ကျပ်နှင့် (၉၀) ဂရမ်တစ်ထုပ်လျှင် (၁၅၀ဝိ/-) ကျပ်နှုန်းတို့ဖြင့် ဈေးကွက်တွင်းရောင်းချလျက်ရှိပါသည်။ ဦးလာ အာလူးကြော်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မူဆယ်၊ သံဖြူဇရပ်၊ မြဝတီနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ နယ်ဝေးများသို့ပို့လျှင် ဦးလာ အာလူးကြော်၏ Logo အမှတ်တံဆိပ်ပါ ကတ္တူပုံးများဖြင့် တင်ပို့ရောင်းချလျက်ရှိပါသည်။ ကတ္တူပုံးတစ်ပုံးလျှင် အာလူးကြော် (၃၀၀) ဂရမ်အထုပ် ၂၄ထုပ်၊ (၉၀) ဂရမ်အထုပ် (၈၀) ခန့် ဝင်ဆံ့သည်ဟုလည်းသိရှိရပါသည်။

    ဦးလာ အာလူးကြော်လုပ်ငန်းမှာ စားသုံးသူများအပေါ် စေတနာထားမှုများကြောင့် အချိန်ကာလတစ်ခုအတွင်း အောင်မြင်မှုရလာသည်ဟုလည်းသိရပါသည်။ ထုပ်ပိုးမှုတွင်လည်း ကုန်ပစ္စည်း၏ Logo အမှတ်တံဆိပ်မှာ ရိုးရှင်းပြီး ခေါ်ရလွယ်ကူခြင်း၊ ပါကင်ထုပ်မှာလည်း မျက်စိပသာဒရှိသောကြောင့် လက်ဆောင်ပေးရာတွင်လည်း မျက်နှာပန်းလှသကဲ့သို့ ရရှိသူမှာလည်း စိတ်ကျေနပ်မှုကိုရရှိစေပါသည်။ အာလူးကြော်မှာ အသက်အရွယ် (၂/၃) နှစ်အရွယ်မှစ၍ (၆၀/၇၀) အရွယ်ထိ အရွယ်သုံးပါးလုံးနှင့် ရဟန်း၊ ရှင်၊ လူများအားလုံးပါ စားသုံးနိုင်သည့်ကုန်စည်ဖြစ်၍ အာလူးကြော်ဈေးကွက်တွင် ကျယ်ပြန့်ပြီး ရေရှည်တည်တံ့နိုင်သောလုပ်ငန်းတစ်ခုဖြစ်၍ ပြည်နယ်၏ အောင်မြင်သော SME လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA( ရှမ်း)