Main menu

အိန္ဒိယနိုင်ငံ၌ ဘာစမာတီမဟုတ်သောဆန်များ တင်ပို့မှုကို တားမြစ်ကန့်သတ်လိုက်ခြင်း

Powered by Drupal

ဘာစမာတီမဟုတ်သောဆန်များအား ပြည်ပသို့ လွတ်လပ်စွာတင်ပို့ခွင့်ပြုထားရာမှ တားမြစ်ကုန်စည်အဖြစ် သတ်မှတ်လိုက်ကြောင်း အိန္ဒိယအစိုးရက ဇူလိုင်လ ၂၀ ရက်၊ ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ထုတ်ပြန်ခဲ့သော အဆိုပါအမိန့် ကြော်ငြာစာ၌ HS Code 1006 30 90 အောက်ရှိ အရောင်တင်ထားသည်ဖြစ်စေ၊ အရောင်မတင်ရသေးသည်ဖြစ်စေ တစ်ပိုင်းတစ်စ သို့မဟုတ် အပြည့်အဝ ကြိတ်ခွဲထားသည့် ဘာစမာတီ မဟုတ်သောဆန်ဖြူအား ပြည်ပတင်ပို့မှုကို တားမြစ်ပိတ်ပင်မှုသည် အမိန့်ထုတ်ပြန်ချိန်မှ ချက်ချင်း သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ သို့ရာတွင် အမိန့်မထုတ်မီကာလ၌ သင်္ဘောတင်ပို့မှု ဆောင်ရွက်ဆဲ ဆန်များ၊ သင်္ဘောတင်ပို့ရန် စာရွက်စာတမ်းများ တင်ပြပြီးစီးမှုနှင့်အတူ ဆိုက်ကပ်ရန် အလှည့်စောင့်ဆိုင်းလျက်ရှိသည့် အိန္ဒိယဆိပ်ကမ်းသို့ ရောက်နှင့်ပြီးဖြစ်သော သင်္ဘောများပေါ်သို့ တင်ဆောင်မည့် ဆန်များ၊ ၂၀-၇-၂၀၂၃ နေ့မတိုင်မီ အကောက်ခွန်စခန်းများ၏ စနစ်၌ ပြည်ပတင်ပို့ရန် အမှုတွဲဖွင့်လှစ်လျက် စစ်ဆေးပြီးသည့် ဆန်များအား ၃၁-၈-၂၀၂၃ နေ့အတွင်း အပြီးသတ်တင်ပို့ရန် ခွင့်ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ပနိုင်ငံအစိုးရများမှ စားနပ်ရိက္ခာဖူလုံမှုလိုအပ်ချက်အတွက် ညှိနှိုင်းမေတ္တာရပ်ခံလာမှုအပေါ် အိန္ဒိယအစိုးရ၏ ခွင့်ပြုချက်ဖြင့် တင်ပို့မည့် ဘာစမာတီ မဟုတ်သော ဆန်များကို ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဘာစမာတီမဟုတ်သောဆန်များ ပြည်ပတင်ပို့မှုအား တားမြစ်ပိတ်ပင်မှုသည် အိန္ဒိယ၏ ပြည်ပသို့ ဆန်တင်ပို့လျက်ရှိသော လုပ်ငန်းတစ်ရပ်လုံး၏ ၈၀ ရာခိုင်နှုန်းခန့်အပေါ် သက်ရောက်မှုရှိကြောင်း၊ အိန္ဒိယပြည်တွင်း၌ ဆန်ဈေးနှုန်းများကို လျော့ကျစေမည်ဖြစ်သော်လည်း ကမ္ဘာ့ဆန်ဈေးနှုန်းများအပေါ်ကိုမှု ပြောင်းပြန်အကျိုးသက်ရောက်စေဖွယ်ရှိကြောင်း၊ ပြည်တွင်းရှိ စပါးအဓိက စိုက်ပျိုးရာဒေသများ၌ မိုးရွာသွန်းမှု မျှတမှန်ကန်ခြင်း မရှိသဖြင့် လွန်ခဲ့သည့် ၁၀ ရက်တာကာလအတွင်း ဆန်ဈေးနှုန်းများမှာ ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင်လည်း အယ်လ်နီညိုဖြစ်စဉ်အပေါ် စိုးရိမ်မှုများအရ ဗီယက်နမ်မှ တင်ပို့သည့်ဆန်များ၏ ဈေးနှုန်းများသည် ယခုသီတင်းပတ်၌ ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း၊ ဤအခြေအနေ၌ အိန္ဒိယ၏ တားမြစ်ကန့်သတ်ချက်က ဆန်ဈေးနှုန်းများ ပိုမိုမြင့်တက်စေရန် တွန်းအားပေးခဲ့သည်ဟု ကုန်သည်များက ပြောဆိုကြကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြပါသည်။

ကမ္ဘာ့ဆန်တင်ပို့မှု အကြီးမားဆုံးနိုင်ငံဖြစ်သော အိန္ဒိယသည် ပြည်တွင်း၌ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု လျော့နည်းနိုင်မည့်အခြေအနေအား စိုးရိမ်မှုရှိသည့်အလျောက် ယခင်နှစ် စက်တင်ဘာလကပင် ပြည်ပသို့ ဆန်ကွဲတင်ပို့မှုကို တားမြစ်ပိတ်ပင်ထားခဲ့ပြီး ဆန်အဆင့်အတန်း အမျိုးမျိုး တင်ပို့မှုအပေါ်ကိုလည်း ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံလျက်ရှိသည်။

Source: Economic Times, 20 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)