Main menu

ထိုင်းနိုင်ငံ၌ စီးပွားရေးကဏ္ဍအပေါ် အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်နိုင်မှု အလားအလာများ ကြိုတင်ခန့်မှန်း

Powered by Drupal

၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သော  အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နည်းတူ  ယခုနှစ်တွင်ဖြစ်ပေါ်သည့် အယ်လ်နီညိုဖြစ်စဉ်က ရာသီဥတုဆိုးကျိုးသက်ရောက်မှု ဖြစ်စေနိုင်ကြောင်း ထိုင်းနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားပါသည်။ Kiatnakin Phatra Bank ကလည်း အယ်လ်နီညိုဖြစ်ပေါ်မှုက လာမည့် ၂၀၂၄ ခုနှစ်အထိ ရာသီဥတုပြင်းထန်မှု ဖြစ်ပေါ်စေပြီး ဆိုးကျိုးသက်ရောက်မှုဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းလျက်ရှိသည်။

ထိုင်းနိုင်ငံအနေဖြင့် ပြင်းထန်သော မိုးခေါင်ရေရှားမှုနှင့် ရင်ဆိုင်နေရပြီး ပြည်တွင်းထုတ် လုပ်မှု စုစုပေါင်းတန်ဖိုးအပေါ် သက်ရောက်မှုက GDP ၆.၅ ရာခိုင်နှုန်းခန့် လျော့ကျနိုင်ကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြထားပါသည်။ မိုးခေါင်မှုနှင့်အတူ အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်ခြင်း လက္ခဏာများက တဖြည်းဖြည်းစိုးရိမ်မှု မြင့်တက်လာစေပါသည်။ ထိုင်းနိုင်ငံရှိ နေရာဒေသအနှံ့အပြားတွင် မိုးရွာသွန်းမှုနည်းပါးလျက် ရာသီဥတုပူပြင်းလာပြီး ရေသိုလှောင်ကန်များတွင် ရေပမာဏ လျော့နည်းကျဆင်းလာမှု ဖြစ်ပေါ်လျက်ရှိသည်။ ရာသီဥတုအခြေအနေ ပိုမိုဆိုးရွားလာမည်ဆိုပါက ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအပါအဝင် ရေရရှိမှုအပေါ် မှီခိုရသည့် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတွင်လည်း သိသာစွာ သက်ရောက်မှုများ ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။

လက်ရှိဖြစ်ပေါ်သည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် ကနဦးအဆင့် သို့မဟုတ် အသင့်အတင့် အားကောင်းသည့်အဆင့်ဟု မှတ်ယူနိုင်သော်လည်း မိုးရွာသွန်းမှု လျော့နည်းလာသည့်အတွက် ယခုနှစ် ဒုတိယနှစ်ဝက်မှစ၍ ရာသီဥတုပြင်းထန်နိုင်သည့် အလားအလာရှိကြောင်း Siam Commercial Bank ၏ စီးပွားရေး လေ့လာသုံးသပ်မှုဌာနက ‌ဖော်ပြပါသည်။

၂၀၂၃ ခုနှစ် ဇွန်လအတွက် မိုးရွာသွန်းမှုအချက်အလက်များက တကျော့ပြန်ဖြစ်ပေါ်လာသည့် ယခုနှစ် အယ်လ်နီညိုဖြစ်စဉ်သည် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ၊ အလယ်ပိုင်းဒေသ၊ အရှေ့ ပိုင်းဒေသနှင့် အနောက်ဘက်ကမ်းရိုးတန်းဒေသများတွင် ပြင်းထန်သော မိုးခေါင်မှုဒဏ် ခံစားရစေနိုင်ပြီး ပြီးခဲ့သော သုံးလပတ်ကာလထက် သိသာစွာ ရာသီဥတုပြင်းထန်နိုင်ကြောင်း ညွှန်ပြလျက်ရှိပါသည်။

သို့ဖြစ်ရာ ယခုအယ်လ်နီညို ရာသီဥတုအခြေအနေသည် ယခင်က ကြိုတင်ခန့်မှန်းတွက်ဆခဲ့မှုထက် ပိုမိုပြင်းထန်နိုင်ကြောင်းနှင့် သာမန်အဆင့်သက်ရောက်မှုကပင် တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၄၀.၄၁ ဘီလီယံရှိသော စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မှုကျဆင်းခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း ခန့်မှန်းထားရှိပါသည်။ ယင်းထုတ်လုပ်မှုတန်ဖိုး ကျဆင်းခြင်းတွင် ဆန် ထုတ်လုပ်မှု၌ ဘတ်ငွေ ၇.၄၉ ဘီလီယံ၊ ပြောင်းတွင် ဘတ် ၁၈.၄၆ ဘီလီယံ၊ ကြံ၌ ဘတ် ၁၂.၅၅ ဘီလီယံနှင့် ပီလောပီနံတွင် ဘတ်ငွေ ၁.၉ ဘီလီယံအထိ ထုတ်လုပ်မှု ထိခိုက်ကျဆင်းနိုင်ဖွယ်ရှိမည်ဟု ခန့်မှန်းတွက်ချက်ထားပါသည်။

အကယ်၍ အဆိုးရွားဆုံးအခြေအနေ ဖြစ်ပေါ်မည်ဆိုပါက စိုက်ပျိုးရေးကဏ္ဍမှ ထုတ်လုပ်မှုကျဆင်းမှုမှာ တန်ဖိုးအားဖြင့် ထိုင်းဘတ် ၆၃.၈၀ ဘီလီယံခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ဆန်ထုတ်လုပ်မှု၌ ထိုင်းဘတ် ၁၃.၂၉ ဘီလီယံ၊ ပြောင်းတွင် ဘတ်ငွေ ၂၃.၆၂ ဘီလီယံ၊ ကြံ၌ ဘတ်ငွေ ၂၃.၇၇ ဘီလီယံနှင့် ပီလောပီနံတွင် ဘတ်ငွေ ၃.၁၂ ဘီလီယံအထိ ထိခိုက်ကျဆင်းနိုင်ဖွယ်ရှိမည် ဖြစ်ပါသည်။

အယ်လ်နီညိုရာသီဥတုအခြေအနေက ကြိုတင်ခန့်မှန်းတွက်ဆမှုထက် ပြင်းထန်မှုမရှိပါက စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများတွင် တန်ဖိုးအားဖြင့်ဆုံးရှုံးနိုင်ချေမှာ ထိုင်းဘတ် ၂၁.၇၉ ဘီလီယံခန့်သာရှိနိုင်ပြီး ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ငွေကြေးဖောင်းပွမှုတို့ ဖြစ်ပေါ်စေနိုင်ကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြထားပါသည်။

Source: The Nation Thailand, 17 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)