Main menu

အယ်လ်နီညိုကြောင့် ဗီယက်နမ်နိုင်ငံ၏ဆန်နှင့်ကော်ဖီထုတ်ကုန်များ ထိခိုက်မှုဖြစ်

Powered by Drupal

HSBC Vietnam ၏ ဖော်ပြချက်အရ သုံးနှစ်ခန့်ဖြစ်ပေါ်ခဲ့ခြင်းမရှိရာမှ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပေါ်လာသော အယ်လ်နီညိုကြောင့် အာဆီယံဒေသတွင်းနိုင်ငံများ၏ ကုန်သွယ်မှုမှာ မိုးခေါင်ရေရှားဖြစ်ပေါ်မှု၊ ရေရှားပါးမှုနှင့် ပျက်စီးဆုံးရှုံးမှုတို့ တွေ့ကြုံနိုင်ကြောင်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံတွင် အယ်လ်နီညိုကြောင့် ဆန်နှင့်ကော်ဖီအပါအဝင် လယ်ယာထွက်ကုန် အထွက်နှုန်းများမှာ သိသာစွာထိခိုက်နိုင်ကြောင်း HSBC Vietnam ၏ စီးပွားရေးပညာရှင်များက သုံးသပ်ခဲ့ကြပါသည်။ အစီရင်ခံစာတွင် ဆန်၊ စားအုန်းဆီနှင့် ကော်ဖီစသောလယ်ယာထွက်ကုန်များသာမက Semiconductor လုပ်ငန်းများလည်း စိန်ခေါ်မှုများ တွေ့ကြုံရနိုင်ကြောင်း ဖော်ပြထားပါသည်။

အယ်လ်နီညိုသည် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်များတွင် အာဆီယံနိုင်ငံများ၏ စီးပွားရေးကို ပျက်စီးယိုယွင်းစေခဲ့ပြီး ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့တွင် ဆန်ထုတ်လုပ်မှုမှာ ၁ဝ ရာခိုင်နှုန်းထက်ပိုမို လျော့နည်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ ကော်ဖီသည် ဗီယက်နမ်နိုင်ငံ၏စုစုပေါင်းတင်ပို့မှုတွင် တစ်ရာခိုင်နှုန်းထက်လျော့နည်းပါဝင်သော်လည်း စားအုန်းဆီနှင့်အပြိုင်တင်ပို့လျက်ရှိသည့် အမယ်ဖြစ်ပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာ ကမ္ဘာ့ကော်ဖီရောင်းချမှု၏ လေးပုံတစ်ပုံ ပါဝင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ခြောက်သွေ့သောရာသီဥတုအခြေအနေကြောင့် ၂ဝ၂၃-၂ဝ၂၄ ခုနှစ်တွင် ရိုဘတ်စတာပဲ (Robusta beans) ထုတ်လုပ်မှုမှာ ၂ဝ ရာခိုင်နှုန်း လျော့နည်းကျဆင်းမည်ဖြစ်သဖြင့် ကော်ဖီထုတ်လုပ်သည့်နိုင်ငံ၏ ၆ဝ ရာခိုင်နှုန်းကျော်ကို အကျိုးသက်ရောက်မှုဖြစ်ပေါ်နိုင်ကြောင်း USDA ကခန့်မှန်းထားပါသည်။

အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် ကမ္ဘာ့စားအုန်းဆီရောင်းချမှုတွင် ၈၅ ရာခိုင် နှုန်းပါဝင်လျက်ရှိပြီး ထိုင်းနိုင်ငံမှာ ၄ ရာခိုင်နှုန်းပါဝင်ကာ စားအုန်းဆီသည် အဆိုပါနိုင်ငံများ၏ စုစုပေါင်းတင်ပို့မှုတွင် ၁ဝ ရာခိုင်နှုန်းပါဝင်လျက်ရှိကြောင်း သိရှိရပါသည်။ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ အာဏာပိုင်များသည် အယ်လ်နီညိုကြောင့် စားအုန်းဆီထွက်ရှိမှုအပေါ် ထိခိုက်မည်ကို သတိပေးလှုံ့ဆော်လျက်ရှိပြီး အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီထုတ်လုပ်သည့်ဒေသများအပါအဝင် ခရိုင် ၇ ခုတို့တွင် အရေးပေါ်အခြေအနေများကို ကြေညာခဲ့ကြောင်း သိရှိရပါသည်။

အယ်လ်နီညိုဖြစ်ပေါ်ပါက စားအုန်းဆီထုတ်လုပ်မှုမှာ ကျဆင်းလေ့ရှိပြီး လယ်သမားများမှာ သီးနှံအသစ်များအတွက် နေရာရရှိစေရန် လယ်ကွင်းများကို မီးရှို့ခြင်းကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေကြောင်း၊ မလေးရှားနိုင်ငံစားအုန်းဆီအသင်း၏ သတိပေးပြောကြားချက်အရ ယခုရာသီကာလတွင် စားအုန်းဆီထုတ်လုပ်မှုမှာ တန်ချိန် ၁ သန်းမှ ၃ သန်း (ရာခိုင်နှုန်းအားဖြင့် ၆-၁၇ ရာခိုင်နှုန်း) လျော့နည်းနိုင်ကြောင်း သိရှိရပါသည်။ မလေးရှားနိုင်ငံအာဏာပိုင်များ၏ အဆိုအရ အယ်လ်နီညို၏ အပြည့်အဝအကျိုးသက်ရောက်မှုမှာ ၁၅ လမှ ၁၈ လအတွင်း သိသာထင်ရှားစွာ မတွေ့ရှိရသဖြင့် ၂ဝ၂၄ ခုနှစ်ကို ၂ဝ၂၃ ခုနှစ်ထက် ပိုမိုစောင့်ကြည့်သွားရန်လိုအပ်ကြောင်း သိရှိရပါသည်။

၂ဝ၂၃ ခုနှစ် ဇွန်လအစောပိုင်းတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းခရိုင်များတွင် အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်မှုနှင့် မိုးခေါင်ရေရှားမှုတို့ဖြစ်ပေါ်မှုကြောင့် ရေလှောင်တမံများနှင့် ဆည်များ ရေခန်းခြောက်မှုဖြစ်ပေါပြီး ရေအားလျှပ်စစ်ထုတ်လုပ်မှုကို ပြတ်တောက်စေခဲ့သဖြင့် အဆိုပါခရိုင်များရှိ လျှပ်စစ်ထုတ်လုပ်သည့်ကုမ္ပဏီများဖြစ်ကြသည့် Samsung နှင့် Foxconn တို့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို တွေ့ကြုံခဲ့ကြရကြောင်း သိရှိရပါသည်။

သို့ရာတွင် လတ်တလောကာလ၌ မိုးအသင့်အတင့်ပြန်လည်ရွာသွန်းခဲ့သဖြင့် ဗီယက်နမ် နိုင်ငံတစ်ဝှမ်းရှိ ရေလှောင်တမံများတွင် ရေများပြန်လည်ရရှိခဲ့ပြီး လျှပ်စစ်ထုတ်လုပ်မှုအတွက် လိုအပ်သောရေပမာဏကို ကျော်လွန်ခဲ့ကြောင်းနှင့် လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီများမှာလည်း ထုတ်လုပ်မှုလျှော့ချခဲ့ကြသဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမှာ လျော့နည်းကျဆင်းလာခဲ့ကြောင်း သိရှိရပါသည်။ သို့ရာတွင် HSBC စီးပွားရေးပညာရှင်များက အယ်လ်နီညိုနှင့် ဆက်နွယ်သည့် စွမ်းအင်အရေးကိစ္စကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်ဈေးကွက်မတည်မငြိမ်ဖြစ်နေချိန်တွင် ဗီယက်နမ်နိုင်ငံ၏ ထုတ်လုပ်မှုကို စိန်ခေါ်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့ကြပါသည်။

အာဆီယံနိုင်ငံများတွင် အယ်လ်နီညိုကြောင့် စီးပွားရေးထိခိုက်မည့် အလားအလာများအတွက် ကြိုတင်သတိပေးမှုများ ထုတ်ပြန်နေကြပြီး ဒေသတွင်းနိုင်ငံများတွင် မိုးရွာသွန်းမှုပမာဏနှင့် အမျိုးအစားကို ပြောင်းလဲရန် ရာသီဥတုပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်း (cloud seeding)၊ လယ်ယာထွက်ကုန်တင်သွင်းမှုများကို စတင်လုပ်ဆောင်ခြင်းနှင့် ထုတ်လုပ်မှုများကို တစ်စိတ်တစ်ပိုင်းလျှော့ချခြင်းတို့ဖြင့် အယ်လ်နီညိုဒဏ် လျော့နည်းသက်သာစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

Source: Vietnam News Agency, July 18th 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)