Main menu

ရုရှားနိုင်ငံမှ ပင်လယ်နက်သီးနှံအရောင်းအဝယ်စာချုပ်ဖျက်သိမ်းမှုကြောင့် ကာလတိုကာလတွင် ဂျုံဈေးနှုန်းများမြင့်တက်နိုင်

Powered by Drupal

ရုရှားနိုင်ငံမှ ပင်လယ်နက်သီးနှံအရောင်းအဝယ်စာချုပ်ကို ဖျက်သိမ်းခဲ့ပြိးနောက် ယခု သီတင်းပတ်အစတွင် ကမ္ဘာ့ဂျုံဈေးနှုန်းများမှာ ၁ဝ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါသည်။ ချီကာဂို ကုန်သွယ်မှုအဖွဲ့အစည်း (Chicago Board of Trade) ၏ အဆိုအရ ဂျုံဈေးနှုန်းမှာ တစ်စည်လျှင် ၇ဝ၅.၅၈ ဆင့် (တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၅၉) မြင့်တက်ခဲ့ကြောင်း၊ ယခင်က တစ်စည်လျှင် ၆၃၆ ဆင့်ရှိခဲ့သဖြင့် ၁ဝ ရာခိုင်နှုန်းကျော်ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယကုန်သွယ်မှုအသိုက်အဝန်းတွင် အိန္ဒိယနိုင်ငံ၌ ဝယ်လိုအားနှင့်ရောင်းလိုအား မမျှသဖြင့် ယခုနှစ်နောက်ပိုင်းကာလများတွင် နိုင်ငံမှဂျုံတင်သွင်းရမည်ဆိုပါက အိန္ဒိယနိုင်ငံအစိုးရနှင့် ရုရှားနိုင်ငံတို့၏ ဆက်ဆံရေးနှင့် သံတမန်ရေးရာတိုးတက်မှုအခြေအနေပေါ်တွင် တည်မှီနေမည်ဖြစ်ကြောင်း ခန့်မှန်းနေကြပါသည်။ အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန၏ ပြောကြားချက်အရ အာဖရိက ၁၄ နိုင်ငံမှာ ပင်လယ်နက်ဒေသကို နိုင်ငံများ၏ ဂျုံလိုအပ်မှုအတွက် မှီခိုနေရကြောင်း၊ Mauritania ၊ Ethiopia နှင့် Djibouti ဒေသများမှာ ယူကရိန်းနိုင်ငံမှ ဂျုံတင်ပို့မှုအပေါ် မှီခိုနေရကြောင်း၊ မြောက်နှင့်အနောက်အာဖရိကနိုင်ငံများမှာ ပင်လယ်နက်ဒေသအပေါ် ဂျုံဝယ်ယူမှု အားထားနေရသဖြင့် အကျိုးသက်ရောက်မှုအများဆုံးဖြစ်ပေါ်နိုင်ပြီး အလယ်အာရှနှင့် ဥရောပနိုင်ငံများမှာ အတော်အသင့်အကျိုးသက်ရောက်မှုဖြစ်နိုင်ကြောင်း သိရှိရပါသည်။

သုတေသနအဖွဲ့အစည်း BMI ၏ Unit တစ်ခုဖြစ်သည့် Fitch Solutions က ကာလတိုကာလတွင် ဈေးနှုန်များ မြင့်တက်ခြင်း၊ ဈေးကွက်မတည်မငြိမ်ဖြစ်ခြင်းနှင့် စိန်ခေါ်မှုများကို တွေ့ကြုံနေရခြင်းတို့သာမက ပင်လယ်နက်သီးနှံအရောင်းအဝယ်စာချုပ်သည် ဇူလိုင်လလယ်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် ကမ္ဘာ့လယ်ယာထွက်ကုန်ဈေးကွက်အပေါ် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာနက ရုရှားနိုင်ငံတွင် ဂျုံနှင့်ဆီထွက်သီးနှံတင်ပို့မှုမှာ လက်ရှိဈေးကွက်ရာသီတွင် အပြိုင်အဆိုင် ဈေးနှုန်းများနှင့် အများအပြားရောင်းချမှုတို့ကြောင့် တိုးတက်လာသော်လည်း ကမ္ဘာ့နိုင်ငံများ၏ သီးနှံဈေးကွက် အထူးသဖြင့် စပါး၊ ပြောင်း၊ ပဲပုပ်ဆီ၊ နေကြာစေ့ဆီနှင့် ဂျုံ စသည့်သီးနှံများ၏ ဈေးကွက်အခွင့်အလမ်းကို ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရုရှားနိုင်ငံမှ ဂျုံတင်သွင်းနေရသည့်နိုင်ငံများအနေဖြင့် ပြင်သစ်၊ အမေရိကန်၊ ဩစတြေးလျနှင့် ကနေဒါနိုင်ငံများတွင် ဈေးကွက်အစားထိုးရှာဖွေနိုင်သော်လည်း အဆိုပါနိုင်ငံများတွင် ဂျုံဈေးနှုန်းများမှာ မြင့်တက်နေမည်ဖြစ်ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံတွင် ယခုနှစ်အတွင်း မတ်လတွင် အချိန်အခါမဟုတ်မိုးရွာသွန်းမှုနှင့် ဧပြီလတွင် အပူလွန်ကဲမှုတို့ကြောင့် ဂျုံသီးနှံထုတ်လုပ်မှုကို ထိခိုက်ခဲ့ကြောင်းနှင့် ရောင်းလိုအားမှာ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိကြောင်း သိရှိရပါသည်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံတွင် ဂျုံသီးနှံမှာ အထွက်နှုန်း တန်ချိန် ၁၁၂.၇၄ သန်းရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ဇွန်လနှင့် ဇူလိုင်လများတွင် ဂျုံရောင်းချမှုမှာ အကြပ်အတည်း တွေ့ကြုံခဲ့ရသဖြင့် အထွက်နှုန်းမှာ ပိုမိုလျော့နည်းနိုင်ကြောင်းနှင့် အိန္ဒိယနိုင်ငံအနေဖြင့် ဂျုံကို ယခုနှစ်နောက်ပိုင်းသို့မဟုတ် နောင်နှစ်အစောပိုင်းကာလတွင် တင်သွင်းရန် တွန်းအားပေးခံရနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံရှိ ကုန်သည်များက အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ ဂျုံတင်သွင်းနိုင်ရန် အစိုးရအချင်းချင်း (government-to-government) ကမ်းလှမ်းရန်လိုအပ်ကြောင်း၊ ကုန်သည်များကိုယ်တိုင် ဩစတြေးလျနိုင်ငံကဲ့သို့သော နိုင်ငံမှဂျုံတင်သွင်းရမည်ဆိုပါက ငွေကြေးပိုမိုကျခံရမည်ဖြစ်ကြောင်း၊ သွင်းကုန်ခွန်အား ဖယ်ရှားပေးခြင်း သို့မဟုတ် လက်ရှိ ၄ဝ ရာခိုင်နှုန်းကို လျှော့ပေါ့ခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ကြပါသည်။ အိန္ဒိယနိုင်ငံအစားအသောက်ကော်ပိုရေးရှင်း၏ အဆိုအရ ဗဟိုအရန်ရိက္ခာတွင် ဇူလိုင်လ ၁ ရက်နေ့ ဂျုံကုန်လက်ကျန်မှာ တန်ချိန် ၃ဝ.၁၅ သန်း ရှိသဖြင့် ယခင်နှစ် ကုန်လက်ကျန်တန်ချိန် ၂၈.၅၁ သန်းထက်ပိုမိုလာခဲ့ကြောင်း၊ ဆန်ကုန်လက်ကျန်မှာ တန်ချိန် ၂၅.၄၄ သန်း (ယခင်နှစ်တန်ချိန် ၃၁.၇၇ သန်း)၊ ကြိတ်ခွဲမှု မပြုလုပ်ရသေးသော စပါးကုန်လက်ကျန်မှာ တန်ချိန် ၂၃.၃ သန်း (ဆန်တန်ချိန် ၁၅.၇၂ သန်း) နှင့် ယခင်နှစ် တန်ချိန် ၂၃.၁၅ သန်း (ဆန်တန်ချိန် ၁၅.၆၂ သန်း) ရှိကြောင်း သိရှိရပါသည်။

ကုန်သည်များ၏ပြောကြားချက်အရ တောင်အိန္ဒိယရှိ ဂျုံကြိတ်စက်များသည် ကုန်သည်များထံမှ တစ်ကွင်တယ်လျှင် ရူပီး ၂၇ဝဝ-၂၈ဝဝ အကြားဖြင့် ရောင်းချလျက်ရှိပြီး FCI မှာ တစ်ကွင်တယ်လျှင် ရူပီး ၂၂ဝဝ ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် လယ်ယာထွက်ကုန်ဈေးကွက်ရှာဖွေရေး ကော်မတီ၏ ဂျုံပျှမ်းမျှအရောင်းဈေးနှုန်းမှာ တစ်ကွင်တယ်လျှင် ရူပီး ၂၂၉၇ ရှိပြီး အခြေခံရည်ညွှန်းဈေးနှုန်းမှာ ရူပီး ၂၁၂၅ ရှိကြောင်း သိရှိရပါသည်။

ဂျုံကြိတ်ခွဲရောင်းချသူများက ဗဟိုအစိုးရမှ ဂျုံများကို ဈေးကွက်ဖွင့်လှစ်ရောင်းချသော အစီအစဉ် (Open Market Sale Scheme) ဖြင့် ရောင်းချပေးနေသော်လည်း တစ်နေ့လျှင် စက်ရုံများ၏ ကြိတ်ခွဲထုတ်လုပ်နိုင်သည့်ပမာဏမှာ တန်ချိန် ၂ဝဝ တန်ကျော်ရှိသဖြင့် တစ်ပတ်လျှင် တန်ချိန် ၁ဝဝ ရောင်းချပေးနေမှုမှာ လုံလောက်မှုမရှိကြောင်းနှင့် ကမ္ဘာ့ဂျုံဈေးနှုန်းများ မြင့်တက်နေချိန်တွင် အိန္ဒိယနိုင်ငံမှ ဂျုံတင်သွင်းရမည်ဆိုပါက ၎င်းတို့အနေဖြင့် ငွေပိုမိုကျခံရမည်ဖြစ်ခြင်းကြောင့် အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း ပြောကြားခဲ့ကြပါသည်။

Source: The Hindu Business Line, July 19th, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)