မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် GACC မှတ်ပုံတင်ခွင့်ရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုမ္မဏီ (၁၃) ခုမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ကျောက်ဆည်ခရိုင်ဦးစီးမှူး၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလိမိတက်မှ စစ်ဆေးရေးမှူးနှင့် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် လုပ်ငန်းရှင်များတက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ GACC တို့အကြား လက်မှတ်ရေးထိုးထားသည့် SPS Protocol အရ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲသို့တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့စက်ရုံများ၊ သိုလှောင်ရုံများ၊ SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီသိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန်နှင့် GACC မှတ်ပုံတင်ခွင့်ရရှိရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိစေရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန်နှင့် အရည်အသွေးပြည့်ဝသော ဆန်နှင့်ဆန်ကွဲများတင်ပို့နိုင်ရေး၊ ကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့်လာစေရန်အတွက်ရည်ရွယ်၍ SPS Protocol ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးမည့်အချက်များကို လုပ်ငန်းရှင်များအား သိရှိစေရန်ရည်ရွယ်၍ ဆွေးနွေးခြင်းဖြစ်ကြောင်း သိရပါသည်။
ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်သည့်အခါ လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် ဆန်နှင့်ဆန်ကွဲများကို SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာကျင့်သုံးခြင်းအားဖြင့် ဒေသတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်ရာတွင် အလေ့အကျင့်ရရှိလာပြီး သက်ဆိုင်ရာများက ကုန်ပစ္စည်းများကို Food Safety နှင့်အညီ ထုတ်လုပ်လာနိုင်ပြီး မြန်မာ့ထုတ်ကုန်များသည် တရုတ်နိုင်ငံသို့သာမက အခြားနိုင်ငံများသို့ပါ တင်ပို့နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့မှုများအရ သိရှိရပါသည်။
DOCA(မန္တလေး)