ဖျာပုံမြို့နယ်သည်စိုက်ပျိုးရေးနှင့်ရေလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်လျက်ရှိသော မြို့ တစ်မြို့ဖြစ်ပြီး ယခုအခါတွင် ထိုင်းမျိုးဖြစ်သည့် အုန်းချိုမွှေး(အရေသောက်အုန်းပင်)များကို စိုက်ပျိုး လာကြသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် အုန်းချိုမွှေးများ စိုက်ပျိုးထားသည့် ကျုံတာကျေးရွာသို့ သွားရောက်၍ စိုက်ခင်းတာဝန်ခံ ဦးမောင်အေးနှင့် တွေ့ဆုံပြီး စိုက်ခင်းနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပါသည်။
စိုက်ခင်းတာဝန်ခံက အုန်းချိုမွှေး စိုက်ဧက(၄)ဧကစိုက်ပျိုးထားရှိကြောင်း၊ တစ်ဧကလျှင် အပင်(၈၀)နှင့် တစ်ပင်နှင့်တစ်ပင်အကြား (၁၅)ပေ ခြား၍ တစ်ဘောင်နှင့် တစ်ဘောင်ကြား (၁၀)ပေအကွာအဝေးဖြင့် စိုက်ပျိုးထားရှိပါကြောင်း၊ ပျိုးပင်များကို ရန်ကုန်မြို့တိုက်ကြီးမှဝယ်ယူပြီး တစ်ပင်လျှင်(၇၀၀၀)ကျပ် ဈေးဖြင့်ဝယ်ယူရကြောင်း၊ ခြံလုပ်သားများအား ကိုယ့်စားရိတ်ကိုယ်စားစနစ်ဖြင့် တစ်နေ့လျှင် လုပ်ခကျပ်(၇၀၀၀ မှ ၁၀၀၀၀) ထိပေးချေရကြောင်း၊ စိုက်ခင်းဘောင်ပေါ်တွင် စက်ဖွဲပြာ၊ သဘာဝ ကြက်ချေး၊ တီစူပါအနက်၊ ပုလဲဓါတ်မြေဩဇာ နွာချေးတို့အား အချိုးအစားအတိုင်း ထည့်ပေးကြောင်း၊ အုန်းချိုမွှေး သီးချိန်ကတော့(၂)နှစ်ဆိုလျှင် သီးကင်း လိုက်ပြီး (၃) နှစ်တွင် ဈေးကွက် တင်ရောင်းလို့ရပြီဖြစ်ကြောင်း၊ အုန်းပင် တစ်ပင်လျှင် ၃/၄ခိုင် သီးပြီး အုန်းသီး တစ်ခိုင်လျှင် (၂၅-၃၀) လုံးခန့်သီးကာ ဈေးကွက်အနေဖြင့် တစ်လုံးလျှင် ကျပ်(၄၀၀-၅၀၀) ကျပ်ရရှိကြောင်း သိရှိရပါသည်။
အုန်းချိုမွှေး (၁) ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ် (၇၅) သိန်းခန့်ရှိပြီး အုန်းပင်ကြားတွင် မျိုး ကောင်းသော ကွမ်းသီးပင်များ အပင် (၁၀၀၀) ကြားညှပ်စိုက်ပျိုးထားရှိပါသည်။ ကျုံတာ ကျေးရွာတွင်လည်း အုန်းချိုမွှေးစိုက်ပျိုးသူ နောက်တစ်ဦးရှိပြီး ဒေးဒရဲမြို့နယ်တွင်လည်း အုန်းချိုမွှေး စိုက်ပျိုးသူများရှိကြောင်း ခြံတာဝန်ခံထံမှ သိရှိခဲ့ရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)
ဖျာပုံမြို့နယ်တွင် ဈေးကွက်ဝင်အုန်းချိုမွှေးများကိုစိုက်ပျိုးလျက်ရှိ
Powered by Drupal