Languages

Main menu

ဖိလစ်ပိုင်နိုင်ငံ၌ ဆန်တင်သွင်းမှု ပြန်လည်မြင့်တက်လာ

Powered by Drupal

ဖိလစ်ပိုင်နိုင်ငံ၌ ဆန်တင်သွင်းမှုသည် ယခင်လနှင့် နှိုင်းယှဉ်ပါက ဩဂုတ်လတွင် မြင့်တက်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် အစပိုင်းမှစ၍ ပြန်လည်တွက်ချက်ပါက နည်းပါးနေသေးကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန၏ အချက်အလက်များအရ သိရပါသည်။

ဩဂုတ်လအတွင်း ၂၄ ရက်နေ့အထိ ဆန်တင်သွင်းမှု စုစုပေါင်းမှာ ၁၈၈၉၃၃.၈၉ တန်ဖြစ်ပြီး ဇူလိုင်လ၌ တင်သွင်းမှု ၁၅၆၇၁၁.၇၅ တန်နှင့် နှိုင်းယှဉ်ပါက ၂၀.၅၆% ပိုမိုကြောင်း၊ ယခုနှစ်အတွင်း ဧပြီလတွင် ဆန်တန်ချိန် ၅၁၃၄၂၅.၁၇ တန်ဖြင့် အများဆုံးတင်သွင်းထားကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ် နှစ်အစမှ လက်ရှိကာလအထိ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု စုစုပေါင်းသည် တန်ချိန် ၂.၁၈ သန်း ရှိပြီး မှတ်တမ်းများအရ ယခင်နှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ဆန်တန်ချိန် ၂.၇၇ သန်း တင်သွင်းနိုင်ခဲ့ရာ ၂၁.၁၇% ကျဆင်းခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံလုံးဆိုင်ရာ လွတ်လပ်သော တောင်သူလယ်သမားများအဖွဲ့ချုပ်၏ မန်နေဂျာ ဖြစ်သူ Raul Montemayor က ယခုအထိ ဆန်တင်သွင်းမှုမှာ အလွန်နည်းပါးနေဆဲဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ သိုလှောင်မှု လျော့နည်းလာကြောင်း၊ ပထမနှစ်ဝက်တွင် အထွက်နှုန်း တိုးတက်မှုသည် အနည်းငယ်သာ ရှိသည့်အတွက် လက်ရှိ ရောင်းလိုအားသည်လည်း ခက်ခဲကျပ်တည်းသည့် အခြေအနေကို ဦးတည်နေကြောင်းနှင့် ဆန်ဈေးနှုန်းများ မြင့်တက်လာမှု ရှိကြောင်း ပြောကြားခဲ့ပါသည်။

တင်သွင်းလာသော ဆန်ကောင်းဆန်သန့် တစ်ကီလိုဂရမ်လျှင် ပီဆို ၄၆ မှ ပီဆို ၅၂  ကြား ရောင်းချရပြီး လွန်ခဲ့သည့်လက အမြင့်ဆုံးဈေး ၄၈ ပီဆိုထက် ၅ ပီဆို မြင့်တက်လာခဲ့ကြောင်း၊ အထူးဆန်ချောဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို ၅၂ နှင့် ၆၅ ကြား ဈေးရှိပြီး ဇူလိုင်လ၏ ဈေးနှုန်း ၅၈ ပီဆို နှင့်နှိုင်းယှဉ်ပါက ၇ ပီဆို ပိုမိုလာခဲ့ကြောင်း  ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ နောက်ဆုံး ထုတ်ပြန်သည့် ဈေးနှုန်းစောင့်ကြည့်လေ့လာရေး အစီရင်ခံစာအရ သိရပါသည်။

ခက်ခဲကျပ်တည်းသော ဆန်ရောင်းလိုအားသည် စက်တင်ဘာလနှောင်းပိုင်း၌ ရိတ်သိမ်း ထွက်ရှိမှုမှ ဆန်အသစ်များ စျေးကွက်သို့ဝင်ရောက်ချိန်အထိ ဆက်လက်တည်ရှိနေဖွယ်ရှိကြောင်း၊ ၎င်းကာလမှ ယခုနှစ်ကုန်အထိ ဆန်တင်သွင်းမှုကို ခေတ္တရပ် နားထားရလိမ့်မည်ဖြစ်ကြောင်း၊ သို့ သော် ဆန်တင်သွင်းမှုပမာဏကို တိုးမြှင့်နိုင်ခြင်းမရှိပါက ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်၌ ဆန်ဈေးနှုန်း ကြီးမြင့်နိုင်မည်ဖြစ်ကြောင်း၊ အကယ်၍ အယ်လ်နီညိုရာသီဥတုပုံစံသည် လာမည့်နှစ် ပထမနှစ်ဝက်တွင် ခြောက်သွေ့ရာသီသီးနှံစိုက်ပျိုးမှုကို ထိခိုက်မှုဖြစ်ပေါ်စေပါက ၂၀၂၄ ခုနှစ် နှောင်းပိုင်း တွင် ပိုမိုဆိုးရွားသောအခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း Montemayor က ထပ်လောင်း ပြောကြားခဲ့ပါသည်။

Source: Manila Times, August 28, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)