Main menu

ဆိပ်ဖြူကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီ အဓိက စိုက်ပျိုးထုတ်လုပ်သည့် မြို့နယ်ဖြစ်ပြီး နှစ်စဉ် ကြက်သွန်နီစိုက်ဧက (၆၀၂၄)ခန့် စိုက်ပျိုးပါသည်။ ဆိပ်ဖြူမြို့နယ်၏လူဦးရေမှာ (၁၁၃၇၈၅)ဦးဖြစ်ပြီး မြို့နယ်လူဦးရေ၏ ၈၀ % မှာ ကြက်သွန်နီကို အားထားပြီး စိုက်ပျိုးထုတ်လုပ်ကြသော တောင်သူများဖြစ်ပါသည်။ ကြက်သွန်နီအပြင် အခြားသီးနှံများ စိုက်ပျိုးသော်လည်း အလွန်နည်းပါးပါသည်။
နှစ်စဉ်ကြက်သွန်နီစိုက်ပျိုးရာတွင် ဆောင်းကြက်သွန်(ပင်စိုက်)နှင့် မိုးကြက်သွန်(ဥစိုက်)ဟူ၍ နှစ်မျိုးရှိပြီး ဆောင်းကြက်သွန်(ပင်စိုက်)ကို အဓိကထား စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်လျက်ရှိပြီး ယခုအချိန် ကာလအတွင်း ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင်တွင် နေ့စဉ်ကုန်ချိန်အဝင် ပျမ်းမျှပိဿာ (၅၀၀၀၀) ခန့် အဝင်ရှိပါသည်။ ကြက်သွန်နီတစ် ပိဿာလျှင် ဆိပ်ဖြူကုန်စည်ဒိုင်ပြတ်ဈေးသည် တစ်ပိဿာလျှင် ထိပ်စ (၃၂၅)ကျပ်၊ အလတ်စ(၂၅၀) ကျပ်၊ အနိမ့်စ(၁၀၀)ကျပ်ဖြစ်ပြီး ယခင်နှစ် ကုန်စည်ဒိုင်ပြတ်ဈေးသည် တစ်ပိဿာလျှင် ထိပ်စ(၄၃၀) ကျပ်၊ အလတ်စ(၃၉၀) ကျပ်၊ အနိမ့်စ(၁၅၀) ကျပ်ဈေးနှုန်းဖြစ်ပါ၍ စိုက်ပျိုးထုတ်လုပ်တောင်သူများအနေဖြင့် ဈေးနှုန်းများ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်မှုများနှင့် ရင်ဆိုင် ကြုံတွေ့နေရပါကြောင်း သိရှိရပါသည်။
ဈေးနှုန်းများပြန်လည်မြင့်တက်လာမည်လားဟူသော မျှော်လင့်ချက်များဖြင့် မိမိတို့စိုက်ပျိုး ထားသော ကြက်သွန်နီဆောင်းစိုက်(ပင်စိုက်)သည် သက်တမ်းကုန်ဆုံးချိန် နီးနေပြီဖြစ်သော်လည်း အကုန်မရောင်းသေးဘဲ ဖြေးဖြေးချင်းထုတ်ရောင်းနေသောကြောင့် တောင်သူလက်ကျန်များစွာရှိနေ သေးကြောင်း၊ ကျန်ရှိနေသေးသော ကြက်သွန်နီများမှာလည်း (ဥ)ပုပ်ခြင်း၊ အညှောင့်များထွက်ခြင်း၊ အခွံကွာအရေလန်ဖြစ်ခြင်းများဖြစ်ပြီး မိမိတို့စိုက်ပျိုးထားသော မူလအထွက်နှုန်းထက် သုံးပုံတစ်ပုံ သာ ကျန်ရှိပြီး အလေအလွင့်ဆုံးရှုံးမှုများစွာရှိနေပါကြောင်း၊ ယခုနှစ်၌ ကြက်သွန်နီရောင်းဝယ် ဖောက်ကားမှုပြုလုပ်ရာတွင် မိမိတို့ပြည်တွင်း၌ ကိုဗစ် ၁၉ ရောဂါကူးစက်ဖြစ်ပွားနေမှုကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့်ကြုံတွေ့ရခြင်း၊ ဒေသတွင်းဈေးကွက်များ၌ ကြက်သွန် ဝယ် လိုအား ကျဆင်းနေခြင်းတို့ကြောင့် အရောင်းအဝယ်မဖြစ်ဘဲ ကြက်သွန်နီဈေးနှုန်းများ ကျဆင်း၍ စိုက်ပျိုးတောင်သူများ အရှုံးပေါ်မှုများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကြက်သွန်စိုက်ပျိုး တောင်သူများထံမှ သိရှိရပါသည်။ ယခုနှစ်ကြက်သွန်စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးထုတ်လုပ် ရာတွင် အလုပ်သမားရှားပါးခြင်း၊ လုပ်ခဈေးနှုန်းများအဆမတန်ကြီးနေခြင်း၊ သွင်းအားစုအမျိုးမျိုး ဈေးကြီးခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် နှစ်နှစ်ဆက်တိုက်အရှုံးပေါ်မှုများ ကြုံတွေ့နေရပါသဖြင့် ယခင်နှစ် မိုးစိုက်(ဥစိုက်)ကြက်သွန်နီများ စိုက်ပျိုးချိန်တွင် နှစ်စဉ်ဧက (၂၀၀၀)ခန့်စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင် ကြက်သွန်နီဧက (၁၀၀၀)ခန့်သာ လျော့နည်းစိုက်ပျိုး လာနိုင်ကြောင်း တောင်သူများ၊ ကုန်သည်ပွဲစားများမှတစ်ဆင့် သိရှိရပါသည်။
ယခုအချိန်တွင် မကွေးတိုင်းဒေသကြီးအတွင်း ဆိပ်ဖြူမြို့တွင် ကြက်သွန်နီလက်ကျန် ပိဿာ ချိန်သိန်း(၄၀) ခန့်ကျန်ရှိနေသေးကြောင်းနှင့် စိုက်ပျိုးထုတ်လုပ်သော တောင်သူများအနေဖြင့် လုပ်အားခ နှင့် သွင်းအားစုဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် စိုက်ပျိုးစရိတ်မကာမိဘဲ အရှုံးပေါ်လာပါက ကြက်သွန်စိုက်ပျိုးတောင်သူများအနေဖြင့် စိုက်ပျိုးမည့် ဧကရာခိုင်နှုန်းလျော့နည်းလာနိုင်ကြောင်း၊ ရောင်းဝယ်ဖောက်ကားသူကုန်သည်၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများမှတစ်ဆင့် လေ့လာသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)