Main menu

ဆေးဖက်ဝင် ဒန့်ဒလွန်ပင်

Powered by Drupal

       ဒန့်ဒလွန်ပင်သည် အပူပိုင်းဒေသသီးနှံဖြစ်သော်လည်း တောင်ပေါ်/မြေပြန့်မရွေးဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးစိုက်ပျိုးနိုင်သော အပင်လည်းဖြစ်ပါသည်။ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်ကို မြန်မာလူမျိုးများ နှစ်သက်စွာ ချက်ပြုတ်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း၊ ဟင်းချိုချက်၍သော် လည်းကောင်း စားသုံးကြပြီး အရွက်၊ အဖူး၊ အသီးအထိစား၍ရသော အပင်လည်း ဖြစ်သည်။ ဒန့်ဒလွန်သီးကိုမူ သီးစုံပဲကုလားဟင်းအနေဖြင့်သော်လည်းကောင်း၊ အတွင်းမှ အနှစ်များကို ခြစ်ကာကြော်ချက်၍သော်လည်းကောင်း စားသုံးလေ့ရှိပြီးအများအားဖြင့် ဟင်းရည်သောက်အနေဖြင့် ချက်ပြုတ်စားလေ့ရှိသည်။

        ဒန့်ဒလွန်ပင်ကို စားသုံးသီးနှံအဖြစ် အိမ်ခြံဝင်းများ၌ တစ်ပင်၊ နှစ်ပင်ခန့် စိုက်ပျိုးကြသော်လည်း စီးပွားဖြစ် စိုက်ပျိုးကြခြင်းမရှိသေးပေ။ ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်တို့တွင် အာဟာရဓါတ်များစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့် ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓါတ်များ ကြွယ်ဝစွာပါဝင်ပါသည်။ ဒန့်ဒလွန်အရွက်တွင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အမိုင်နိုအက်ဆစ်လည်း ပါဝင်ပါသည်။ အဆိုပါ အက်စစ်သည် ခန္ဓာကိုယ်၏ ဖွဲ့စည်းမှုလုပ်ငန်းစဉ်များ ပုံမှန်လည်ပတ်စေရန် အထောက်အကူပြုသည်။ ဗီတာမင်အေ ၊ B1၊ B2၊ B3၊ B6၊ ဗီတာမင်စီ၊ ပရိုတိန်း၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ အိုင်းရွန်း၊ မက်ဂနီဆီယမ်၊ ဖော့စ်ဖောရပ်စ် တို့လည်းကြွယ်ဝစွာပါဝင်ပါသည်။ ဒန့်ဒလွန်အသီးနှင့်ဒန့်ဒလွန်အရွက်တွင် ဗီတာမင်ပါဝင်မှုများမတူညီကြပါ။ အသီးတွင် အရွက်ထက်အခြားဗီတာမင်ပါဝင်မှု အားနည်းသော်လည်း ဗီတာမင်အေ ပါဝင်မှုနှုန်းမှာ ပိုမိုမြင့်မားသည်။ သွေးထဲရှိသကြားပမာဏကိုလည်း လျော့ချပေးသဖြင့် ဆီးချို၊ သွေးချိုရောဂါရှိသူများ စားသုံးပေးသင့်သည်။ ထို့ပြင် နာတာရှည်ရောဂါများ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ အစရှိသည့်ရောဂါများကိုလည်း သက်သာစေသည်။ သွေးဖိအားကိုလည်း လျော့ကျပေးသဖြင့် သွေးတိုးရောဂါ ရှိသူများလည်း စားသုံးသင့်ပါသည်။ သွေးတိုးကိုကျစေပြီး မျက်လုံးကိုကျန်းမာစေပါသည်။ အဆိပ် အတောက်ဖြစ်မှုကိုလည်း ကာကွယ်ပေးသည်။ ဒန့်ဒလွန်တွင် ကိုလက်စထရောဓါတ် ပါဝင်မှုမရှိသလောက် နည်းပါသဖြင့် အဆီများကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်သွယ်လျစေသည်။ နေ့စဉ်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ဇီဝတွင်း ဖြစ်ပျက်မှုကို လှုံ့ဆော်ပေးခြင်းဖြင့် ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေသောကြောင့် ဝိတ်ချချင်သူများလည်း ဒန့်ဒလွန်အား များများစားသုံးပေးသင့်ပါသည်။ ဒန့်ဒလွန်ရွက်တွင် သံဓါတ်ရောင်ရမ်းမှုကို လျော့ကျစေသည့်အာနိသင်နှင့် ရောဂါပိုးများကို သေစေနိုင်သည့် အစွမ်းသတ္တိများလည်းရှိသည်။ ထိခိုက်နာ၊ အပူလောင်ခြင်းစသည့် ဒဏ်ရာကဲ့သို့သော အသေးစားဒဏ်ရာများကို သက်သာစေသည့်အပြင် အနာကို အကျက်မြန်စေပါသည်။ နို့တိုက်မိခင်များ နို့ထွက်စေရန် ဒန့်ဒလွန်ရွက်ကိုစားသုံးပေးသင့်သည်။ ဒန့်ဒလွန်သည် သွေးတွင်းသကြားဓါတ်ကို လျော့ချပေးနိုင်သဖြင့် ဆီးချိုသမားများအတွက်လည်း အထူးသင့်တော်သည်။

      ထို့ပြင် ဆံသားကို ကျန်းမာသန်စွမ်းစေသည့် ဗီတာမင်များပါဝင်သဖြင့် ဦးရေပြားသွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆံပင်များကိုသန်စွမ်း နက်မှောင်စေပါသည်။ ဒန့်ဒလွန်ရွက်သည် အာရုံကြောစနစ်ကို အထူးကောင်းမွန်စေသဖြင့် ခေါင်းတခြမ်းကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် အခြားအာရုံကြောဆိုင်ရာဝေဒနာများကို သက်သာစေနိုင်ပါသည်။ အစာချေဖျက်ခြင်းကို အထောက်အကူပြုသည့်အပြင် ခန္ဓာတွင်းမှ အဆိပ်အတောက်များကို ပြေစေပြီးသွေးသန့်စေပါသည်။ ခန္ဓာကိုယ်စွမ်းအင်ကို ပြည့်ဝစေပြီး အရေပြားကိုနုပျိုစေပါသဖြင့် ဝက်ခြံနှင့် အမဲစက်ဖြစ်ပေါ်မှုကို သက်သာစေပါသည်။ ဒန့်ဒလွန်ရွက်တွင် Polyphenols များပါဝင်သဖြင့် အသည်းအဆိပ်အတောက်ဖြစ်ခြင်းနှင့် အသည်းပျက်ဆီးခြင်းများ မဖြစ်အောင် ကာကွယ်ပေးပါသည်။ အရိုးကို ကျန်းမာသန်စွမ်းစေပြီး ရောင်းရမ်းမှုကို လျော့ကျစေသဖြင့် အဆစ်ရောင်၊ အရိုးအဆစ်နာကျင်ခြင်း၊ အရွတ်နာခြင်းမျာကို သက်သာစေနိုင်သည့် အစွမ်းများလည်းရှိသည်။ ကျောက်ကပ်၊ ဆီးအိမ်နှင့်သားအိမ်ထဲ ကျောက်တည်တာမျိုးများမဖြစ်အောင် ကာကွယ်ပေးပါသည်။ ဒန့်ဒလွန်အား စားသုံးခြင်းဖြင့် ကောင်းကျိုးများစွာရှိသော်လည်း အခြားဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ ဒန့်ဒလွန်သည် ဝမ်းပျော့ပျော့သွားစေနိုင်သည့် အစွမ်းသတ္တိရှိသောကြောင့် များများ စားသုံးပါက ဗိုက်နာစေခြင်း၊ ဝမ်းလျှောစေခြင်း၊ ရင်ပူစေခြင်းတို့ဖြစ်ပေါ်စေပါသည်။ ဒန့်ဒလွန်သည် သွေးအားနည်းစေသောကြောင့် သွေးအားနည်းသူများ အလွန်အကျွံမစားသုံးသင့်ပေ။ ဒန့်ဒလွန်အရွက်နှင့် အသီးတွင်ပါဝင်သော Alkaloids ကွန်ပေါင်းသည် နှလုံးခုန်နှုန်းအား နှေးကွေးစေနိုင်ပါသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ ဒန့်ဒလွန်ကို စားသုံးပါက မီးဖွားရာတွင်ခက်ခဲစေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များ မီးမဖွားမီ ဒန့်ဒလွန်စားသုံးခြင်းကို ရှောင်ကြဉ်သင့်သည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)