Main menu

“သက်တမ်းစေ့ နေနိုင်ဖို့ စားသုံးဆီကို လျှော့သုံးစို့”

Powered by Drupal

     မြန်မာတို့၏ မီးဖိုဆောင်တွင် အဓိကစားသောက်ကုန်အနေဖြင့် “ဆန်” သည် ပထမ ဖြစ်ပြီး “စားသုံးဆီ” က ဒုတိယဦးစားပေးနေရာတွင်ရှိပါသည်။ “ဆန်” ကို “ထမင်း” အဖြစ်သာ စားသုံးရန် အဓိကအသုံးပြုသော်လည်း စားသုံးဆီကိုမူ ဟင်းချက်ကြော်လှော်ရန် တစ်မျိုး၊ လက်ဖက်နှင့် ငါးခြောက်ဖုတ်တို့ကဲ့သို့သော အစားအစာများကို ဆီစိမ်ရန်တစ်ဖုံ၊ ဆီစိမ်းဆမ်းရန် တစ်နည်းနှင့် ဆီကျက်ချက်ရန်တစ်သွယ်စသည်ဖြင့် စားသုံးဆီ၏သဘောသဘာဝများကို သေချာစွာသိရှိထားခြင်း မရှိဘဲ နှစ်ခြိုက်စွာအတိုင်းအဆမဲ့စားသုံးနေခြင်းမှာ အန္တရာယ်ကိုဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေပေသည်။

       စားသုံးဆီဟု အမည်တပ်ထားသော်လည်း ဆီထွက်ပင်ရင်းဖြစ်သည့် အစေ့အဆံနှင့် အသီးတို့ ၏ သဘာဝကွဲပြားမှုနှင့် ဆီထုတ်လုပ်မှုဖြစ်စဉ်တို့ပေါ်မူတည်၍ အသုံးပြုသင့်သည့်ပုံစံ ကွာခြားကြပါသည်။ စားသုံးဆီများကို ၎င်းတို့၏ ရူပဆိုင်ရာဝိသေသလက္ခဏာများမှ တစ်ခုဖြစ်သည့် မီးလောင်မှတ် (smoke point) ပေါ်မူတည်၍ ဟင်းချက်ဆီ (cooking oil) နှင့် လက်သုတ်ဆီ (salad oil) ဟူ၍ ခွဲခြားထားပါသည်။ မီးလောင်မှတ်မြင့်သော စားသုံးဆီများက Deep Fried ဟု သိထားသည့် “နှစ်ကြော်” အတွက် သင့်တော်သောကြောင့် ဟင်းချက်ဆီအတွက်သုံးကြပြီး မီးလောင်မှတ်နိမ့်သော စားသုံးဆီများကို လက်သုတ်ဆီအဖြစ် အသုံးပြုရပါသည်။ နိမ့်သောအပူချိန်၌သာ စားသုံးဆီအဖြစ် တည်ရှိနေနိုင်သည့် ဆီအမျိုးအစားကို နှစ်ကြော်အတွက် အသုံးပြုမိပါက စားသုံးဆီ၏ဖွဲ့စည်းပုံပျက် ပြီး စားသုံးသူအတွက် အန္တရာယ်ဖြစ်စေနိုင်ပါသည်။

       မြန်မာနိုင်ငံရှိ စားသုံးသူတို့အသုံးများသော ဟင်းချက်ဆီများမှာ ဆီအရည်ပိုင်းများသော စားသုံးဆီများဖြစ်ရာ ယေဘုယျအားဖြင့် အပင်အခြေခံသော ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil) အုပ်စုဝင်စားသုံးဆီများသာ ဖြစ်ကြပါသည်။ တစ်နည်းအားဖြင့်“မပြည့်ဝဆီ”ပါဝင်နှုန်းများသောဆီ များ ဖြစ်ကြပြီး ပတ်ဝန်းကျင်လေထုရှိ အောက်ဆီဂျင်ကြောင့် ဓာတ်တိုးခြင်း၊ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ချိန်ကြာမြင့်လာသောကြောင့် အလင်းမှီဓာတ်တိုးခြင်း (Photo oxidation)နှင့် ထုတ်လုပ်မှုဖြစ်စဉ်၊ သယ်ယူပို့ဆောင်မှုတို့တွင် ရေငွေ့မကင်းစင်မှုတို့ကြောင့် ရေသွင်းဖြိုခွဲမှု (Hydrolysis) ဖြစ်ပေါ်ခြင်းစသည့် အကြောင်းများကြောင့်လည်း ဆီသားတည်မြဲမှု (Oil Stability) လျော့နည်းလာကာ ဆီပျက်များ (Rancid oil or Damage Oil) ဖြစ်လာပါသည်။

       စားသုံးဆီတွင် မပြည့်ဝသောဆီအရည်ပိုင်းပါဝင်နှုန်း မြင့်လာသည်နှင့်အမျှ ဆီသားပျက်စီးမှုနှုန်းမြန်လာပေရာ ၎င်းကဲ့ သို့သော ဆီပျက်များသည် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေနိုင်ပါသည်။ စားသုံးဆီတွင် စားသုံးဆီမဟုတ်သော ပစ္စည်းများ (contamination) ပါဝင်လာခြင်းကလည်း ဆီကိုပျက်စီးစေသော အကြောင်းအရာများစွာထဲမှ တစ်ခုဖြစ်ပါသည်။ ဈေးကွက်တွင် ခွက်မှောက် ခွက်လှန်စနစ်ဖြင့် လက်လီရောင်းချနေသော ဆီဆိုင်များတွင် လုံခြုံစွာဖုံးအုပ်ထားခြင်းမရှိသော ဆီ ထည့်ခွက်အတွင်း ပိုးဟပ်၊ ကြွက်နှင့် ပုရွက်ဆိတ်များ ဝင်ရောက်နေသောဆီ၊ မှိုဆိပ်ပါဝင်မှု ရှိနေသော မြေပဲစေ့ကို ဆီကြိတ်ရာမှ ဆီသားအတွင်းမှိုဆိပ်ပါဝင်မှု ရှိနေသောဆီစသည့် စားသုံးဆီများကလည်း ဝယ်ယူစားသုံးသော မိဘပြည်သူများအတွက် ရောဂါကို ပိုက်ဆံဖြင့်ဝယ်ယူနေသကဲ့သို့ ဖြစ်နေပေ သည်။ စားသောက်ဆိုင်၊ ဟိုတယ်နှင့် အာလူးကြော်လုပ်ငန်းတို့မှ စွန့်ပစ်သည့် (Reused Oil) အကြိမ် ကြိမ်ကြော်ပြီးသောဆီများသည် ညစ်ညမ်းဆီ (Waste Vegetable Oil) များဖြစ်ကြပြီး စက်မှုလုပ်ငန်း သုံးဆီ (Industrial Oil) များအဖြစ်သာ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် အသုံးပြုနိုင်ပါ သည်။ မြင့်မားသောအပူချိန်တွင် အကြိမ်ကြိမ်ကြော်ထားရသောကြောင့် ဆီ၏မူလဖွဲ့စည်းပုံမှ သွေဖယ်၍ ပုံပြောင်းဆီများအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်လာရပါသည်။ ၎င်းတို့ကို အရောင်ချွတ်၊ အနံ့ ချွတ်ပြီး ပြန်လည်ပြုပြင်ထားသောအခါ ဝယ်ယူစားသုံးမိသူတို့တွင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်လာ သည့် အန္တရာယ်နှင့်ကြုံတွေ့လာနိုင်ပါသည်။ ဆီကိုစားသုံး၍ အသားမဖြစ်သော်လည်း ဆီမစား၍လည်းမဖြစ်ပေ။ စားသုံးဆီသည် အင်အား ဓာတ်ကို ဖြစ်စေသော အစာအုပ်စုတွင် တစ်ခုအပါအဝင်ဖြစ်ရာ ဆီကိုစားသုံးမှသာ လူတို့လှုပ်ရှား သွားလာနိုင်မည့်စွမ်းအင်ကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ရေတွင်မပျော်ဝင်နိုင်ဘဲ ဆီတွင်သာ ပျော်ဝင်နိုင်သည့် ဗီတာမင်များကိုလည်း ဆီစားသုံးမှသာ ရရှိနိုင်သကဲ့သို့ ဆံပင်ဆံသားနှင့်အရေပြား (အသားအရေ) ကျန်းမာရေးအတွက်လည်း ဆီကအရေးပါလှပါသည်။ မည်သို့ပင် အရေးပါလှသည် ဖြစ်စေ လူတစ်ဦးအတွက် အသက်အရွယ်အလိုက် သတ်မှတ်ထားသော ဆီစားသုံးမှုထက် လွန်ကဲစွာ သုံးစွဲပါက အချိန်ကြာလာသည်နှင့်အမျှ ကိုယ်ခန္ဓာအလေးချိန် တိုးလာခြင်းမှ အစပြုသည့် အခြား ရောဂါများနှင့် ကြုံတွေ့လာနိုင်ပါသည်။ ထို့ကြောင့်ပင် စားသုံးဆီသည် “သုံးတတ်လျှင်ဆေး” ဖြစ်နိုင်သကဲ့သို့ “မသုံးတတ်လျှင်ဘေး” ဖြစ်စေနိုင်ကြောင်းကို သိရှိထားသင့်ပါသည်။

      ယခုခေတ်ကာလတွင် ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာကဲ့သို့ဖြစ်လာသော Globalization သည် အရှိန်ကြောင့် မိမိဒေသထွက် မိရိုးဖလာ အစားအစာများထက် အခြားဒေသ၊ နိုင်ငံအသီးသီးမှ ဝင်ရောက်လာသော အစားအစာ သို့မဟုတ် မိမိဒေသထွက်ကုန်ကို အခြားနိုင်ငံမှ နည်းပညာများ ဖြင့် ဖန်တီးထားသော အစားအစာများကို ပိုမိုမက်မောစွာစားသောက်သုံးစွဲမှုများ ရှိလာကြောင်း တွေ့ရှိနေရပါသည်။ အများအားဖြင့် သာဓကပြုရမည်ဆိုလျှင် ဒိုးနတ်မုန့်များ၊ ကြက်ကြော်၊ ခရက် ကာမုန့်ကြွပ်၊ ခေါက်ဆွဲခြောက်၊ ချောကလက်နှင့် နို့ထွက်ပစ္စည်းအစားထိုး အစားအစာများ (Non-dairy Product) ကဲ့သို့သော စားသုံးဆီနှင့်မကင်းသည့် စားသောက်ကုန်များ ဖြစ်ကြပါသည်။ ၎င်း စားသောက်ကုန်များကို ထုတ်လုပ်သည့်နည်းစဉ်တွင် မုန့်သားပွပြီး လှပစေရန်အတွက်လည်းကောင်း၊ ကြွပ်ကြွပ်ရွရွဖြစ်စေရန်အတွက်လည်းကောင်း၊ မုန့်သားမျက်နှာပြင် အရောင်တက်စေရန်လည်း ကောင်း အသုံးပြုရသော စားသုံးဆီပါဝင်မှုကြောင့် ကိုင်တွယ်ထိန်းသိမ်းမှု အားနည်းပါက ဆီသား ပျက်စီးလာရာမှတစ်ဆင့် မုန့်အရည်အသွေးထိခိုက်လာမည်ဖြစ်ပြီး စားသုံးသူများကိုလည်း အန္တရာယ် ဖြစ်စေမည်ဖြစ်ပါသည်။ စားသုံးဆီနှင့်တကွ ၎င်းနှင့်ဆက်စပ်နေသော အစားအစာများကြောင့် ကြုံတွေ့လာနိုင်သည့် အန္တရာယ်များဖြစ်သည့် အဝလွန်ရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် သွေးတိုးလေဖြတ်ရောဂါစသည့် ဆေးကုသစရိတ်မြင့်မားပြီး ကုသရန်ခက်ခဲသော နာတာရှည်ရောဂါ များမှ ကင်းဝေးစေရန်အတွက်- (က) စားသုံးဆီကို အနည်းဆုံးပမာဏအထိ လျှော့ချသုံးစွဲရန်၊ (ခ) အနံ့ထွက်ပြီးအရောင်ပျက်နေသော ဆီပျက်များကို သုံးစွဲခြင်း မပြုရန်၊ (ဂ) အရောင်နီမြန်းပြီး ကြွပ်ရွနေသောဆီကြော်မုန့်များကို နေ့စဉ်စားသောက်ခြင်းမပြုရန်၊ (ဃ) စားသုံးဆီများကို ဝယ်ယူသုံးစွဲရာတွင် ကုန်အမှတ်တံဆိပ်ပါဝင်ပြီး အာမခံမှုရှိသည့် ဆီ များကိုသာ ဝယ်ယူသုံးစွဲကြရန်၊ (င) ဆီဘူးများကို နေရောင်ခြည်တိုက်ရိုက်ကြာရှည်စွာ ကျရောက်မည့်နေရာတွင် မထား ဘဲ အေးမြခြောက်သွေ့၍ အလင်းရောင် မကျရောက်သောနေရာတွင်သာ ထားရှိရန်၊ (စ) သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ရန်၊ (ဆ) မိမိတို့ နေ့စဉ်စားသောက်မည့် အစားအစာများတွင် ဟင်းသီးဟင်းရွက်မပါမဖြစ် စားသောက်ရန် စသည်တို့ကို လိုက်နာကြရန် လိုအပ်လှပါသည်။ လူတစ်ယောက်ချင်းစီတိုင်း၏ ကျန်းမာရေးသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ပေါ်တွင် မူတည်နေရာ အာဟာရဖြစ်အောင်စားသောက်သည့်အခါ “တန်ဆေး၊ လွန်ဘေး”ဆိုသည့် ဆိုရိုးစကား ကိုလိုက်နာပြီး စားသုံးဆီအလွန်အကျွံသုံးစွဲနေခြင်းကို လျှော့ချခြင်းအားဖြင့် မိမိတို့၏ ကျန်းမားရေး၊ စီးပွားရေး၊ လူနေမှုဘဝများ အဆင့်မြင့်မားလာနိုင်မည်ဖြစ်ပါသည်။ ထို့နည်းတူ စားသုံးဆီသုံးစွဲမှုကို အိမ်ထောင်စုတစ်ခုမှ အစပြု၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှော့ချသုံးစွဲနိုင်မည်ဆိုပါက နှစ်စဉ် စားသုံးဆီတင်သွင်းမှုအတွက် သုံးစွဲနေရသော နိုင်ငံခြားငွေသက်သာစေမည့်အပြင် နိုင်ငံသားတိုင်း၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာပြီး သက်တမ်းစေ့နေထိုင်နိုင်ကြမည်ဖြစ်ပါသည်။ အချုပ်အားဖြင့်ဆိုရသော် စားသုံးဆီကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် စားသုံးသူများ အားလုံးသည် စားသုံးဆီ၏ သဘောသဘာဝများအပြင် ၎င်းတို့၏ပျက်စီးတတ်သည့် အကြောင်းတရား များကို သိရှိနားလည်ထားကြပြီး စားသုံးဆီနှင့် ဆက်စပ်အစားအစာများကို သတိပြုချင့်ချိန် စားသုံး ကြခြင်းဖြင့် စားသုံးဆီအလွန်အကျွံသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါဆိုးများမှ ကင်းဝေးကာ လူ့သက်တမ်းစေ့နေထိုင်သွားနိုင်ကြစေရန် ရည်သန်၍ ရေးသားတင်ပြလိုက်ရပါသည်။

အိအိချော( စားသုံးသူရေးရာဦးစီးဌာန)