Main menu

ဓနိအဖူး လက်ဖက်ခြောက် ထုတ်လုပ်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

      ကရင်ပြည်နယ်၊ မြဝတီခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုနှင့် ဝန်ထမ်းများသည် ၆.၁၂.၂၀၂၁ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြဝတီမြို့၊ အမှတ်-၄ ရပ်ကွက် အလိုတော်ပြည့်၊ ဇော်ဂျီ- ၄လမ်း၊ လမ်းသွယ်(၅) ရှိ ပိုင်ရှင် ဒေါ်လှမွန် ဓနိအဖူးလက်ဖက်ခြောက် လုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။

      ဓနိအဖူး လက်ဖက်ခြောက်လုပ်ငန်းအား လုပ်ငန်းလိုအပ်ချက်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)အရ ပုဒ်မ ၄၁- ကုန်စည်အုပ်စု (၈)မျိုးပါဝင် စေရန်နှင့် လိုအပ်ချက်များအား ထပ်မံရှင်းလင်းဆွေးနွေးပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သိပ္ပံနည်းကျ သုတေသနပြုဆောင်ရွက်ချက်နှင့် ကျန်းမာရေးဆိုင်ရာ အာမခံချက်များ ထောက်ခံချက်များ ဖော်ပြနိုင်ရန် ဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်ပြီး ကောင်းမွန်သော ဈေးကွက်ရရှိနိုင်ရေး အကြံပြုဆွေးနွေးမှာ ကြားခဲ့ကြပါသည်။ ဓနိအဖူး လက်ဖက်ခြောက်လုပ်ငန်း လည်ပတ်မှုအခြေအနေအား ဆက်လက်မေးမြန်းခဲ့ရာ လုပ်ငန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ လဆန်းပိုင်းတွင် စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဓနိအဖူးများကို ကျိုက်ခမီဘက်မှ ဝယ်ယူ၍ ဓနိအဖူးတံ တစ်ခုလျှင် ၁၀၀၀ကျော်ကျပ်ဖြင့် ဝယ်ယူပြီး တစ်စီး (၁၀)ချောင်းပါ မြဝတီမြို့အရောက် ၁၈၀၀၀ ကျပ် ကုန်ကျကြောင်း၊ လုပ်သား (၃)ဦး ဖြင့်သာ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ ထုပ်ပိုးမှုပါကင် တစ်ခုလျှင် ၇၀၀ကျပ်ဖြစ်ပြီး ဓနိဖူးတစ်ချောင်းလျှင် အထုပ်(၂၀)ခန့် ထွက်ရှိကြောင်း ၊ တစ်ထုပ်လျှင် ၅၀၀၀/-ကျပ်ဖြင့် ရောင်းချပြီး လက်ကားဈေးအနေဖြင့် ၁၀ ထုပ် မှာယူပါက ၄၀၀၀/-ကျပ်၊ အထုပ် ၂၀ မှာယူပါ ၃၅၀၀/-ကျပ် ဖြင့်ဖြန့်ချီပြီး၊ ဈေးကွက်အနေဖြင့် ကော့သောင်း၊ ရနောင်း၊ ရန်ကုန်သို့ အနည်းငယ် တင်ပို့ကြောင်း၊ တစ်နေ့လျှင် ထုတ်လုပ်နိုင်မှုပမာဏမှာ အထုပ် ၂၀၀ ခန့် ထုတ်လုပ်နိုင်ပါကြောင်းသိရှိရပါသည်။

       ဓနိဖူးလက်ဖက်ခြောက် ထုတ်လုပ်ပုံမှာ ဓနိဖူးအား (၁)ရက်ရေစိမ်ပြီး ရေသန့်ဖြင့် သန့်စင်အောင် ဆေးကြောရကြောင်း၊ ထို့နောက် ဓနိအဖူး၊ အရိုးများကို လှီးဖြတ်၍ သဘာဝနေရောင်ခြည် ၅ နေရောင်အထိ အခြောက်ခံနေလှန်းရကြောင်း၊ ခြောက်လာလျှင် စနစ်တကျထုပ်ပိုးပြီး စတင်ထုတ်လုပ်သည့်ရက်မှ ထုပ်ပိုးပြီးသည်အထိ ၈ ရက်/ ၉ ရက် အထိကြာမြင့်ပါကြောင်း၊ ကိုရီးယားလူမျိုးများ၏ VIP အခြေခံအစားအသောက်ဖြစ်၍ လူမျိုးဘာသာမရွှေး သောက်သုံးနိုင်ပါကြောင်း၊ ကျန်းမာရေးနှင့် အထူးသင့်လျော်ပါကြောင်း၊ ဌာနဆိုင်ရာများ၏ ထောက်ခံချက်ခွင့်ပြုချက်များ အပြည့်အစုံရရှိပြီးပါက ကိုရီးယားမှ ဝယ်ယူသူများ မှာယူမည်ဖြစ်ပါ၍ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)