Main menu

ယခင်နှစ်ထက် ကြံတစ်တန် တစ်သိန်းကျော် ပိုရနေသည့်ကြံဈေးကွက်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီးတွင် ကြံစိုက်ဧက၅သောင်းကျော် စိုက်ပျိူးလျှက်ရှိပြီး တောင်ငူခရိုင်အနေဖြင့် ၂သောင်းဝန်းကျင်ခန့် စိုက်ပျိုးလျှက်ရှိကြောင်းနှင့် ယခုဒီဇင်ဘာလတွင် စတင်ခုတ်သိမ်းနေပြီ ဖြစ်ကြောင်းသိရှိရပါသည်။ တောင်ငူခရိုင်တွင် ပုဂ္ဂလိကပိုင် သကြားစက်များအနေဖြင့် ရေတာရှည်မြို့နယ်တွင်  အောင်ချမ်းသာသကြားစက်နှင့် မြို့လှ သကြားစက်၊ အုတ်တွင်းမြို့နယ်တွင် ဗောဓိကုန်းသကြားစက်၊ ဖြူးမြို့နယ်တွင် ဇေယျဝတီ ဆင်ဖြူတော်သကြားစက် စုစုပေါင်း သကြားစက် ၄စက် ရှိကြောင်းသိရှိရပါသည်။

      ယခုနှစ် သကြားစက်များမှ ကြံဝယ်ယူရာတွင် ကြံစိုက်တောင်သူများအား အုတ်တွင်းမြို့နယ် ဗောဓိကုန်းသကြားစက်နှင့် ဖြူးမြို့နယ် ဇေယျဝတီဆင်ဖြူတော်သကြားစက်တို့မှ စိုက်စရိတ် ကြိုတင်ချေးငွေ တစ်ဧကလျှင်၂သိန်းခွဲပေး၍ ဝယ်ယူကြောင်း၊ စိုက်စရိတ်များ ကြိုတင်ပေး၍ ဝယ်ယူသော သကြားစက်များမှာ ဈေးနှိမ်ဝယ်ယူခြင်းမဟုတ်ဘဲ တောင်သူနှင့်စက်ပိုင် အပြန်အလှန် အကျိုးပြုသည့်အနေဖြင့် မိမိစက်ရုံသို့ ကြံရောင်းချနိုင်ရေးအတွက် ကြိုတင်ချေးငွေများ ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ ဝယ်ယူသည့် ဈေးနှုန်းများအနေဖြင့် ရေတာရှည်မြို့နယ်ရှိ အောင်ချမ်းသာသကြားစက်နှင့် မြို့လှ သကြားစက်များမှ ကွင်းဈေးနှုန်း ကြံတစ်တန်လျှင် ၄၃၀၀၀ကျပ် စက်အရောက် ဈေးနှုန်း ၅၆၀၀၀ကျပ်ဖြင့် လည်းကောင်း၊ အုတ်တွင်းမြို့နယ် ဗောဓိကုန်းသကြားစက်မှ ကွင်းဈေးနှုန်း ကြံတစ်တန်လျှင် ၄၅၀၀၀ကျပ်၊ စက်အရောက်ဈေးနှုန်း ၅၈၀၀၀ကျပ်ဖြင့်လည်းကောင်း၊ ဖြူးမြို့နယ် ဇေယျဝတီ ဆင်ဖြူတော် သကြားစက်မှာ စက်အရောက် ဖြင့်သာဝယ်ယူပြီး ဈေးနှုန်းကြံတစ်တန်လျှင် ၅၅၀၀၀ကျပ်ဖြင့် အသီးသီး ဝယ်ယူလျက် ရှိကြောင်း သိရှိရပါသည်။

      တောင်ငူခရိုင်စက်ရုံများမှ ယခင်နှစ် ကြံဝယ်ယူမှုဈေးနှုန်းများမှာ ၄၀၀၀၀ မှ ၄၅၀၀၀ရှိခဲ့ပြီး ယခုနှစ်တွင် ၄၃၀၀၀ မှ ၅၈၀၀၀ထိ ဝယ်ယူသဖြင့်ဈေးနှုန်း များမြင့်တက်လာခဲ့ကြောင်း ယခုကဲ့သို့ ဈေးနှုန်းမြင့်တင်ဝယ်ယူလာခြင်းမှာ ယခုစိုက်ပျိုးကာလတွင် တောင်သူများအနေဖြင့် သွင်းအားစုများ  ကြီးမြင့်ခဲ့မှုကြောင့် ကုန်ကျစရိတ် ပိုမိုလာခြင်းနှင့် သယ်ယူခနှုန်းထားများ မြင့်တက်လာမှုများကြောင့်  တောင်သူများ တွက်ချေကိုက်မည့် နှုန်းထားများ သတ်မှတ်၍ ဝယ်ယူပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)