Main menu

ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်အညွှန်းအမှတ်အသားစိစစ်ထုတ်ပေးမှုတိုးတက်လာ

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊  ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  အရာထမ်း/အမှုထမ်းများသည် ဒေသအတွင်းရှိ စားသုံးသူပြည်သူများ  အစားအသောက်ဘေးအန္တရာယ်  ကင်းရှင်းစေရေးနှင့် ကုန်စည်များအပေါ် စိတ်ချ ယုံကြည်စွာ အသုံးပြုနိုင်ရေးအတွက် ဒေသအတွင်း ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးလျက်ရှိပါသည်။

      စီးပွားရေးလုပ်ငန်းရှင်များအား  အသိပညာပေးတွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဉပဒေပါ ပြဌာန်းချက်များဖြစ်သည့် စားသုံးသူများ၏  အခွင့်အရေးနှင့် တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း ၁၈ ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်း အရာများ၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဉပဒေပါ ပြဌာန်းချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ကို စိစစ်ပေးနေကြောင်း ဆွေးနွေး၍ အသိပညာပေးလျက် ရှိကြောင်း သိရှိရပါသည်။

      ထိုသို့ အသိပညာပေးဆွေးနွေးခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဉပဒေအပေါ် လိုက်နာဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနစ်မှ ၂၀၂၁ ဒီဇင်ဘာလထိ လုပ်ငန်းရှင် ( ၃၀၃) ဦးမှ ကုန်စည်အမျိုးအစား ( ၃၃၆ ) ခုအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စိစစ်ပေးနိုင် ပါရန် တင်ပြလာမှုအပေါ် ဌာနအနေဖြင့် ဉပဒေနှင့် ကိုက်ညီမှုရှိသည့်ကုန်စည်များ၏ ကုန်အညွှန်းအမှတ် အသားအား ကိုက်ညီမှုရှိကြောင်းနှင့် ဉပဒေနှင့်ကိုက်ညီမှုမရှိသော ကုန်အညွှန်းအမှတ်အသားများအား ပြန်လည်ပြင်ဆင်၍ တင်ပြပေးပါရန် စီးပွားရေးလုပ်ငန်းရှင် များအား အကြောင်းကြားစိစစ်ဆောင်ရွက်ပေးလျက် ရှိပါသည်။

      စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်   ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍  စိစစ်ဆောင်ရွက်ပေးနေခြင်းအားဖြင့် စားသုံးသူပြည်သူများ ကုန်စည်များအပေါ်တွင် ဖော်ပြပါ ကုန်အညွန်း အမှတ်အသားများအား လေ့လာ၍ ကုန်စည်ကို ရွေးချယ်ဝယ်ယူ စားသုံးတတ်လာခြင်း၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံသည့် ကုန်စည်များကို ယုံကြည်စွာ အသုံးပြုလာနိုင်ခြင်းတို့ကြောင့် ဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စျေးကွက်ခိုင်မာကာ ရောင်းလိုအားများ မြင့်တက်လာခြင်းကြောင့် လုပ်ငန်းများ၏ ကုန်သွယ်မှု ၊ ထုတ်လုပ်မှု၊ ရောင်းချမှုများ ဖွံ့ဖြိုးလာသဖြင့် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာသည့်အပြင် စားသုံးသူပြည်သူများမှာလည်း ကျန်းမာရေးနှင့်ညီညွတ်သော ကုန်စည်များကို  လုံခြုံစိတ်ချစွာ အသုံးပြုလာနိုင်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)