Main menu

ရာသီပေါ်ဈေးကောင်းရနေသောပိန်းဥ

Powered by Drupal

    ပိန်းဥကို ဇွန်လအစောပိုင်းတွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလနောက်ဆုံးပတ်မှစတင်၍  ဈေးကွက်အတွင်းသို့ ဝင်ရောက်ရောင်းချကြပါသည်။ အောက်တိုဘာလတွင် ပိန်းဥများ လှိုင်လှိုင်ပေါ်ထွက်လာကာ ဈေးကောင်းလည်းရလျက် အရောင်းအဝယ်သွက်နေကြောင်း သိရှိရပါသည်။ ပိန်းဥတွင် ပိန်းရိုင်းနှင့် ပိန်းယဉ် ဟူ၍ နှစ်မျိုးရှိပြီး ပိန်းရိုင်းဥက စားလျှင် လျှာယားတတ်သည်ဟု သိရပါသည်။ ပိန်းဥ အမျိုးပေါင်းများစွာရှိသည့်အနက် လူကြိုက်များသော ပိန်းဥမှာ ပိန်းကြက်ဥ ဖြစ်ပါသည်။ ပိန်းကြက်ဥမှာ ကြက်ဥ နီးပါး အရွယ်ရှိပြီး မျက်နှာပြင်မှာလည်း အဖုအထစ်နည်းပါး၍ ပြောင်ချောလျက်ရှိပါသည်။ ပိန်းဥကို သတ်သတ်လွတ်ဟင်းလျာအဖြစ် စားသောက်ကြသလို မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုးနှင့် ရောနှော ချက်ပြုတ်၍ လည်းကောင်း စွတ်ပြုတ်အဖြစ်လည်းကောင်း စားသုံးကြပါသည်။ ပိန်းဥကို ကလေး လူကြီးများအကြိုက် ပြုတ်၍ ဆီဖြင့်လည်း စားသုံးကြပါသည်။  ပြည်မြို့ဈေးကွက်တွင် ရှမ်းပြည်နယ်မှ ဝင်ရောက်သော ပိန်းဥ တစ်ပိဿာလျှင် ၂၄၀၀ ကျပ်၊ နတ်တလင်းနှင့် ရွှေတောင်မြို့နယ်ဖက်မှ ဝင်ရောက်သော ပိန်းကြက်ဥ တစ်ပိဿာလျှင်  ၂၅၀၀ ကျပ်၊ တစ်ဥလျှင် ၅၀ ကျပ်သား၊ ၃၀ ကျပ်သား၊ ၂၅  ကျပ်သား၊ ၁ ပိဿာ အထိ အလေးချိန်စီးသော ပိန်းဥကြီး များအနေဖြင့် တစ်ပိဿာလျှင် ၅၀၀၀ ကျပ် အထိရှိကာ အရောင်းအဝယ်ဖြစ်နေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)