Main menu

ပြည်မြို့၏ နှမ်းသီးနှံဈေးနှုန်းဈေးကွက်

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် တစ်နှစ်ပတ်လုံးနှမ်းများ စိုက်ပျိုးလျက်ရှိရာ မိုးရာသီတွင် မိုးနှမ်း၊ ဆောင်းရာသီတွင် ဆောင်းနှမ်းနှင့်နွေရာသီတွင် နွေနှမ်းဟူ၍ စိုက်ပျိုးကြပါသည်။ ပြည်ခရိုင်တွင် မြို့နယ်(၄)မြို့နယ်ရှိရာ နှမ်းအများဆုံးစိုက်ပျိုးသောမြို့မှာ ပေါက်ခေါင်းမြို့ဖြစ်ပြီး ဒုတိယအများဆုံးစိုက်ပျိုးသောမြို့မှာ ပန်းတောင်းမြို့ဖြစ်ပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် မိုးနှမ်းများရိတ်သိမ်းပြီး ဆောင်းနှမ်းများစိုက်ပျိုးရန် စီစဉ်နေချိန်ဖြစ်ပါသည်။ ယခုနှစ် မိုးနှမ်းရာသီတွင် ပြည်ခရိုင်အနေဖြင့် ၆၆၃၇၁ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၅၄၆၅၈ ဧက ရိတ်သိမ်းနိုင်ခဲ့ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၄/၁၅ တင်းခန့်ထွက်ရှိသည်ဟု သိရပါသည်။ ပြည်ခရိုင်တွင် နှစ်အလိုက်စိုက်ပျိုးထွက်ရှိမှုအား လေ့လာတင်ပြအပ်ပါသည်။

စဥ်            ခုနှစ်             စိုက်ဧက              ရိတ်ဧက             နှုန်း               အထွက်တင်း

၁။            ၂၀၂၁             ၉၇၆၆၄               ၈၄၉၅၄             ၁၀.၇၇            ၈၄၂၅၁

၂။            ၂၀၂၂               ၇၂၆၇၉               ၆၂၆၉၄              ၁၀.၂၂              ၆၄၀၆၄၈

၁။           ၂၀၂၃              ၆၆၃၇၁               ၅၄၆၅၈             ၁၄.၆၇            ၈၀၂၀၉၀

    ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးဧကများပေမယ့် အထွက်နည်းပြီး ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးဧက နည်းသော်လည်း အထွက်နှုန်းကောင်းလာတာတွေ့ရပါသည်။ ယခုနှစ်တွင် အထွက်နှုန်းများကောင်းမွန်လာရခြင်းမှာ ရာသီဥတုညီညွတ်မျှတမှုရှိခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် မတွေ့ကြုံ ရခြင်းဖြစ်သည်ဟု သိရပါသည်။

    နှမ်းသီးနှံဈေးနှုန်းများအနေဖြင့်လည်း ဘဏ္ဍာနှစ်အလိုက် နှိုင်းယှဉ်ကြည်မည်ဆိုလျှင်-

စဥ်            ခုနှစ်             အမျိုးအမည်              ဈေးနှုန်း(တစ်တင်းဈေး)

၁။            ၂၀၂၁                နှမ်းနီ                      ၃၆၀၀၀

               ၂၀၂၁                နှမ်းနက်                   ၅၆၀၀၀

               ၂၀၂၁                စမုံနက်                    ၆၀၀၀၀

၂။            ၂၀၂၂                 နှမ်းနီ                      ၈၆၀၀၀

               ၂၀၂၂                နှမ်းနက်                   ၉၃၀၀၀

               ၂၀၂၂                စမုံနက်                    ၁၀၆၀၀၀

၃။            ၂၀၂၃                နှမ်းနီ                      ၁၀၁၀၀၀

                ၂၀၂၃             နှမ်းနက်                     ၉၅၀၀၀

                ၂၀၂၃              စမုံနက်                    ၁၀၆၀၀၀

   ပြည်ခရိုင်အနေဖြင့် နှမ်းသီးနှံဈေးနှုန်းများအားလေ့လာရာတွင် ၂၀၂၁ ခုနှစ်တွင် နှမ်းဈေးမှာ တစ်တင်းလျှင် ၃၀၀၀၀ကျပ်မှ ၆၀၀၀၀ကျပ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၂ခုနှစ်တွင် နှမ်းဈေးများမြင့်တက်လာခဲ့ပြီး တစ်တင်းလျှင် ၈၀၀၀၀ကျပ်ကျော်မှ ၁၀၀၀၀၀ကျပ်ကျော်အထိ ရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။ ထိုသို့ဈေးနှုန်းမြင့်တက်လာရခြင်းမှာ စိုက်ဧကလည်း လျော့နည်းသွားသလို အထွက်နှုန်းများလည်း လျော့နည်းသွားပြီး ဝယ်လိုအားကောင်းလာ၍ နှမ်းဈေးများ မြင့်တက်လာရခြင်းဖြစ်သည်ဟု ခန့်မှန်းရပါသည်။ ယခုနှစ်တွင်လည်း ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် နှမ်းဈေးများအနေဖြင့် နှမ်းနီတစ်တင်းလျှင် ၇၃၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၈၆၀၀၀ကျပ်နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ၈၈၀၀၀ကျပ်ဖြင့် ဈေးစတင်ဖွင့်ခဲ့ပါသည်။ ဖေဖော်ဝါရီလတွင် နှမ်းနီ တစ်တင်းလျှင် ၈၃၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၉၃၀၀၀ကျပ်နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ၁၀၀၀၀၀ကျပ်အထိ ဈေးများမြင့်တက်လာခဲ့ပါသည်။ နွေနှမ်းများ စိုက်ပျိုးချိန်ဖြစ်သဖြင့် ဈေးကွက်အတွင်း နှမ်းလက်ကျန်ရှားလာသောကြောင့် ဈေးမြင့်တက်လာခဲ့ပါသည်။ မတ်လနှင့် ဧပြီလတွင် နွေနှမ်းများ ဈေးကွက်ရောက်ချိန်ဖြစ်သော်လည်း ဈေးငြိမ်နေခဲ့ပါသည်။ မေလ၊ ဇွန်လနှင့် ဇူလိုင်လတွင် မိုးနှမ်းများစိုက်ပျိုးနေချိန်ဖြစ်၍ နှမ်းနီတစ်တင်းလျှင် ၈၈၀၀၀ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၉၆၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၀၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ဩဂုတ်လနှင့် စက်တင်ဘာတွင် နှမ်းနီတစ်တင်းလျှင် ၁၀၆၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၁၆၀၀၀ ကျပ်ဖြင့် မိုးနှမ်းပေါ်စအချိန်တွင် ဝယ်လက်များ အဝယ်လိုက်၍ ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ ယခု အောက်တိုဘာလတတိယပတ်တွင် နှမ်းနီတစ်တင်းလျှင် ၁၀၁၀၀၀ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၉၅၀၀၀ကျပ်နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ၁၀၆၀၀၀ကျပ် ဖြင့် ရောင်းချကြောင်း သိရပါသည်။

  ၂၀၂၃ ခုနှစ်တွင် နှမ်းစိုက်ဧကနည်းသွားသော်လည်း အထွက်နှုန်းကောင်း၍ ဈေးကောင်းရသောကြောင့် နှမ်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိသော အချိန်ဖြစ်ပါသည်။ နှမ်းကို အထွက်နှုန်းကောင်းသော မျိုးကောင်းများကို ရွေးချယ်၍စိုက်ပျိုးမည်ဆိုပါက ပြည်တွင်းတွင် စားသုံးဆီ ဖူလုံမည့်အပြင် နှမ်းဆီကို အဆင့်မြှင့်တင်ပြီး နိုင်ငံခြားသို့တင်ပို့မည်ဆိုပါက နိုင်ငံခြားဝင်ငွေလည်း ရရှိလာနိုင်မည်ဖြစ်ပါသည်။ ဆီစက်များအနေဖြင့်လည်း စားသုံးဆီကို အဆင့်မြှင့်တင်၍ ထုတ်လုပ်လာနိုင်ပါက အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာလည်း ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)