Main menu

ဆန်မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ဆီသို့

Powered by Drupal

   မြန်မာလူမျိုးများနေ့စဉ်စားသုံးရာတွင် ဆန်သည် အဓိကအရေးပါသောအရာဖြစ်ပါသည်။ ဆန်ကိုလူအများ ထမင်းအဖြစ်စားသုံးကြသလို မုန့်မျိုးစုံလည်းပြုလုပ်၍ စားသုံးကြပါသည်။ ဆန်အပြင် ဆန်ကွဲကိုလည်း တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဆန်မရွေးလုပ်ငန်း လုပ်ကိုင်သူ ပြည်ခရိုင်၊ ပြည်မြို့တွင် (၅)ဦးထက်မနည်းရှိပါသည်။ ထိုအထဲတွင် ဆန်မရွေးလုပ်ကိုင်သူ လုပ်ငန်းရှင် (၁)ဦး ဖြစ်သော ဦးချစ်ကိုကိုနှင့်တွေ့ဆုံ၍မေးမြန်းရာ ၎င်းမှထိုလုပ်ငန်းကို လုပ်ကိုင်သည်မှာ ကြာမြင့်ပြီဖြစ်ပါသည်။ အလုပ်လုပ်ကိုင်ရာတွင် အလုပ် (၂)ဆိုင်းရှိပြီး (၁)ဆိုင်းလျှင် လူဦးရေ (၄)ဦးဖြင့် လုပ်ကိုင်ရကြောင်း ၊ တစ်နေ့လျှင် ဆန်မရွေးပိဿာချိန် (၅၀၀)ခန့်ထွက်ရှိကြောင်း သိရပါသည်။ ဆန်မရွေးကို ပြုလုပ်ရာတွင် ဆလပ်ကျိုးဆန်ကွဲ၊ ကြံသကာနှင့် ကပ်စေးနှဲတို့လိုအပ်ပါသည်။ တစ်နေ့လျှင် ဆန်မရွေးပိဿာချိန် (၅၀၀)ထွက်ရှိရန်အတွက် ဆလပ်ကျိုးဆန်ကွဲအိတ် (၅)အိတ်၊ ကြံသကာ (၁၂) အိတ်နှင့် ကပ်စေးနှဲ (၁၅)ပိဿာဝင် (၈)ပုံး လိုအပ်ပါသည်။ နေ့စဉ် ဆန်မရွေး ပိဿာချိန် (၅၀၀) ခန့်ထွက်ရှိပြီး မိုးရွာသောနေ့၊ ဈေးပိတ်သောနေ့များတွင် ပိဿာချိန် (၄၀၀)ခန့်သာလုပ်ရကြောင်း သိရပါသည်။ ထွက်ရှိလာသော ဆန်မရွေးများကို ပြည်ဈေးကွက်အပြင် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ သထုံ၊ ကမာဝက်၊ ပဲခူး၊ တောင်တွင်းကြီး၊ အောင်လံနှင့် မကွေးဘက်သို့ အဝေးပြေးကားဂိတ်မှတစ်ဆင့် တင်ပို့ရောင်းချကြောင်းသိရပါသည်။ ဆန်မရွေးရောင်းဈေးအနေဖြင့် တစ်ပိဿာလျှင် (၃၇၀၀) ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။ လုပ်ငန်းရှင် အကျိုးအမြတ်အနေဖြင့် တစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့်အမြတ်ရှိပြီး ပိဿာ (၅၀၀)လျှင် (၂၅၀၀၀၀)ကျပ်ခန့် အမြတ်ရှိကြောင်း သိရပါသည်။

   ဆန်မရွေးသည် မြန်မာ့ရိုးရာအစားအစာဖြစ်သည့်အတွက် တောနေ၊ မြို့နေ၊ လူတန်းစား မရွေးကြိုက်နှစ်သက်သည့် အစားအစာဖြစ်ပါသည်။ ဆန်မရွေးလုပ်ငန်းကို ယခုထက်မက အဆင့်မြှင့်တင်ပြီး ဆန်ကွဲမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်လာနိုင်မည်ဆိုလျှင် လုပ်ငန်းများ ပိုမို တိုးတက်လာမည်ဖြစ်ပြီး အကျိုးအမြတ်လည်း ပိုမိုရရှိလာမည် ဖြစ်ပါသည်။ ထို့ကြောင့် အသေးစား၊ အငယ်စား၊ အလတ်စား၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်မှလည်း အကူအညီအထောက်အပံ့များ ပေးလျက်ရှိပါသည်။ ဆန်မရွေးလုပ်ငန်းကို ငွေကြေးအရင်းအနှီးများ နည်းပညာများပံ့ပိုးပေးနိုင်ပါက ဆန်ကွဲမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့်လုပ်ငန်း ပိုမိုတိုးတက်လာသည်နှင့်အညီ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပိုမိုရရှိနိုင်ပြီး နိုင်ငံခြားဝင်ငွေ လည်းရရှိလာနိုင်မှာဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)