Main menu

အထက်မင်းလှမြို့နယ်၌ ဥစိုက်ကြက်သွန်နီများ စတင်စိုက်ပျိုးလျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိကျေးရွာများတွင် ဝါ၊ နှမ်း၊ မြေပဲ၊ ပဲစဉ်းငုံနှင့်အခြားစားဖိုဆောင်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြပြီး ကုန်းကြီးကျေးရွာအုပ်စု၊ ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၌ ဇော်မွှား(‌ခေါ်)ဥစိုက်ကြက်သွန်နီများကို ရေသွင်းစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

     မိုးရာသီကာလတွင် ဥစိုက်ကြက်သွန်နီကိုသာစိုက်ပျိုးပြီး ဆောင်းရာသီတွင်စိုက်ပျိုးမည့် ကြက်သွန်နီများမှာ ပျိုးထောင်ဆဲဖြစ်ကြောင်း၊ ဥစိုက်ကြက်သွန်နီများကို စလင်း၊ ပွင့်ဖြူ၊ တောင်သာ၊ မြင်းခြံစသောဒေသတို့မှဝယ်ယူပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်၌ (၁)ပိဿာလျှင် ကျပ်(၃၈၀၀ မှ ၄၀၀၀)‌အထိပေးရကြောင်း၊ (၁)ဧကလျှင် ပိဿာ(၄၀၀)ခန့်စိုက်ပျိုးရပြီး တောင်သူပေါင်း (၁၅)ဦးအနေဖြင့် ဧကပေါင်း(၂၀)ကျော်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် ဖော်ရကြောင်း၊ အထွက်နှုန်းမှာလည်း ရေကောင်း/ မြေကောင်းသည့်နှစ်များတွင် (၁)ဧကလျှင် ပိဿာချိန်(၆၀၀၀)နီးပါးထွက်ရှိကြောင်း၊  ကုန်ကျစရိတ်မှာလည်း အလုပ်သမားခအပါအဝင် (၁)ဧကအတွက် ကျပ်သိန်း(၄၀)ကျော်ကုန်ကျပြီး ကြက်သွန်နီစိုက်ခင်းများ လှိုင်လှိုင်တူးဖော်ကြသည့်အချိန်တွင် လုပ်အားခမှာ ပိုကုန်ကျကြောင်း၊ ဈေးနှုန်းမှာလည်း ကြက်သွန်နီဥအရွယ်အစားအလိုက် ဈေးကွက်အခြေအနေပေါ်မူတည်၍ ဈေးရကြောင်း၊ တူးဖော်ပြီးသောကြက်သွန်နီများကို ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း ဂျင်ရဲမြောင် (စံပြ) ကျေးရွာနေ ကြက်သွန်စိုက်တောင်သူ(၁)ဦးဖြစ်သည့် ကိုတင်ဇော်ဌေး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)