
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင်သို့ ဒေသတွင်းစိုက်ပျိုးထွက်ရှိရာကျေးရွာများမှ ကြက်သွန်နီများ နေ့စဉ် ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် နေ့စဉ် ပျှမ်းမျှပိဿာ(၄)သောင်း၊ တစ်ပတ်အတွင်း ကုန်ချိန်(၃)သိန်းခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆိပ်ဖြူမြို့မှ စီးဆင်းမှုအနေဖြင့် နိုဝင်ဘာလ(၁)ရက်နေ့မှ(၇)ရက်နေ့အထိ (ပထမပတ်)အတွင်း ကြက်သွန်နီပိဿာ(၅)သိန်းခန့်ကို ရန်ကုန်၊ ပြည်၊ မော်လမြိုင်၊ မြဝတီ၊ စစ်တွေမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
ဆိပ်ဖြူကြက်သွန်နီသည် နိုဝင်ဘာလ(ပထမပတ်)တွင် ဈေးနှုန်းမြင့်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီဈေးကွက်အနေဖြင့် နိုဝင်ဘာလ(ပထမပတ်)အစောပိုင်းတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၇၀၀မှ ၃၂၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အလယ်ပိုင်းတွင် ကျပ်(၂၇၅၀မှ ၃၁၅၀)၊ (ပထမပတ်)နှောင်းပိုင်းတွင် တစ်ပိဿာလျှင် ကျပ်( ၂၇၀၀မှ ၃၁၀၀)ဈေးနှုန်းဖြစ်ခဲ့ပြီး နိုဝင်ဘာလ(ပထမပတ်)အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၀၀၀)ခန့်ဖြင့်ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခင်အောက်တိုဘာလ(စတုတ္ထပတ်)၌ အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၃၁၅၀)ဖြစ်ခဲ့ပြီး ယခု၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် အမြင့်ဈေးမှာ တစ်ပိဿာလျှင် ကျပ်(၃၂၀၀)ဈေးနှုန်းဖြစ်၍ ထိပ်စတစ်ပိဿာလျှင် ကျပ်(၅၀)၊ အလတ်စနှင့် အသေးစ ကျပ်(၁၀၀)ခန့်စီဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်မှသိရှိရသည်။
နိုဝင်ဘာလ(ပထမပတ်)အတွင်း ဆိပ်ဖြူကြက်သွန်နီသည် ဒေသတွင်းဖြန့်ဖြူးရုံသာမက ပြည်ပနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယမ်နမ်၊ ဘင်္ဂလားဒေရှ့်နိုင်ငံများက အဝယ်လိုက်၍ ဈေးမြင့်တက်နေကြောင်းသိရှိရပါသည်။ ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံသို့ ကုန်စည်အများဆုံးစီးဆင်းခဲ့ကြောင်းသိရှိရပြီး ကြက်သွန်နီစုစုပေါင်းပျမ်းမျှပိဿာ (၃)သိန်းခန့်၊ (၁၁၅၃၈)အိတ်၊ တန်ချိန်(၄၉၀)ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)