Main menu

ပြည်ဂျူးမြစ်ဈေးကွက်

Powered by Drupal

     ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်၊ တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ပင်းတယဘက်တို့မှ ဝင်ရောက်မှုရှိနေသော ဂျူးမြစ်မှာ ၁၀ရက်ခြားတစ်ခါ ဝင်ရောက်မှုရှိနေပြီး လမ်းခရီးအကွာအဝေးကြောင့် ရေခဲပုံးများထဲတွင်ထည့်၍ သယ်ယူရောင်းချကြောင်းသိရပါသည်။ ရေခဲပုံးတစ်ပုံးတွင် ဂျူးမြစ်ပိဿာချိန် ၃၀ပိဿာပါဝင်ပြီး တစ်ခါဝင်လျှင် ပြည်ဈေးကွက်သို့ ရေခဲပုံး (၅)ပုံးခန့်ဝင်ရောက်မှုရှိနေပါသည်။ ဂျူးမြစ်ကို ပြည်ခရိုင်အတွင်း ဘူးသီး၊ ဂေါ်ရခါးသီး၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငါးခေါင်းတို့နှင့်ရော၍ အချဉ်ဟင်းချက်စားကြပြီး မြေပဲ၊ ပဲပုပ်၊ အသားတု၊ ငရုတ်သီးစိမ်းမှုန့်တို့နှင့်ရော၍ အကြွပ်ကြော်၍စားကြကာ သက်သက်လွတ်သမားများ အများဆုံးစားသုံးကြကြောင်းသိရပါသည်။ အချိုကြိုက်သူများမှာ ထမင်းသုပ်နှင့်တို့၍ စားကြကြောင်းလည်းသိရပါသည်။

    ဂျူးမြစ်တွင် အက်ဆစ်ဓာတ်နှင့် အမျှင်ဓာတ်ပမာဏမြင့်မားစွာပါဝင်သဖြင့် အယ်ဇိုင်းမားနှင့် အိုမင်းရင့်ရော်ခြင်းတို့ကိုကာကွယ်ပေးခြင်း၊ သွေးဖိအားပုံမှန်ဖြစ်စေခြင်း၊ ဘက်တီးရီးယားဗိုင်းရပ်စ်နှင့်မှိုရောဂါများ၊ အရိုးပါး၊ အဆုတ်နှင့်အူလမ်းကြောင်းကင်ဆာရောဂါများကိုပါ ကာကွယ်ပေးနိုင်ကြောင်းသိရပါသည်။ ပြည်ဈေးကွက်ရှိ မြို့ပေါ်ဈေးများတွင် ဂျူးမြစ်ကို အေးမြသောဆောင်းရာသီတွင် ပိုမိုဝင်ရောက်မှုရှိပြီး လက်ဆတ်သည့်အမြစ်များမှာ ဖြူဖွေးလျက်ရှိပြီး ပူပြင်းသောနွေရာသီ၌ ဝင်ရောက်မှုရှိသော်လည်း အမြစ်တိုကာ မဲညစ်ညစ်အရောင်သန်းလျက်ရှိကြောင်းသိရပါသည်။ ယခုကာလဈေးနှုန်းများမှာ ရှမ်းပြည်နယ်မှ တစ်ပိဿာလျှင် ကျပ်၄၀၀၀ခန့် လက်ကားဝယ်ယူကာ လက်လီ(၁၀)ကျပ်သားလျှင် ကျပ် (၅၀၀-၆၀၀) ခန့်ဖြင့် ပြန်လည်ရောင်းချမှုရှိနေကြောင်းသိရပါသည်။ ရှားပါးချိန်နွေရာသီတွင် ၁၀ကျပ်သားလျှင် ကျပ်၁၀၀၀ခန့်ထိဈေးရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)