ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နေ တိုင်ကြားသူသည် ကျိုင်းတုံမြို့မှ စစ်ကိုင်းမြို့သို့ မော်တော်ယာဉ်လိုင်းတစ်ခုဖြင့် အစားအသောက်ပစ္စည်းများ ပေးပို့ရာတွင် ဝန်ဆောင်ခကျသင့်ငွေ ၁၅,၀၀၀/-ကျပ်ကို ပေးချေပြီးသော်လည်း ၁၂,၀၀၀/-ကျပ် ထပ်မံတောင်းခံသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက်တိုင်ကြားခြင်း ဖြစ်ပါသည်။
တိုင်ကြားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာတွင် ကျိုင်းတုံမြို့မှ စစ်ကိုင်းမြို့သို့ တိုက်ရိုက်ပြေးဆွဲသော ယာဉ်လိုင်းမရှိသည့်အတွက် ကျိုင်းတုံ-တောင်ကြီး-မန္တလေးမှတဆင့် စစ်ကိုင်းမြို့သို့ ပို့ဆောင်ရပါကြောင်း၊ တိုင်ကြားသူ၏ ပစ္စည်းအားပေးပို့ရာတွင် ကျိုင်းတုံမြို့မှ စစ်ကိုင်းမြို့အထိ ပေးပို့သော ပြေစာပေါ်တွင် ငွေရှင်းပြီးဟု ရေးသားထားသော်လည်း တောင်ကြီးမြို့မော်တော်ယာဉ်လိုင်းမှ ပြေစာပေါ်တွင် ငွေတောင်းရန်ဟု ထပ်မံရေးသားထားသောကြောင့် မန္တလေးမော်တော်ယာဉ်လိုင်းက ဝန်ဆောင်ခအား ထပ်မံတောင်းခံခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည့်အတွက် ၁-၁၀-၂၀၂၃ ရက်နေ့တွင် တိုင်ကြားသူနှင့်မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူတို့အား ခေါ်ယူတွေ့ဆုံပြီး တိုင်ကြားသူထံ ထပ်မံကောက်ခံသော ငွေကျပ် ၁၂,၀၀၀/-အား တာဝန်ရှိသူများရှေ့မှောက်တွင် ပြန်လည်ပေးအပ်ခဲ့သဖြင့် တိုင်ကြားသူမှ ကျေနပ်မှုရရှိပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။