မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ တိုင်ကြားသူတစ်ဦးသည် မူဆယ်မြို့ရှိ “***” မီနီကားလေး ရောင်းဝယ်ရေးထံမှ ငွေကျပ်(၁၅)သိန်း တန်ဖိုးရှိ အိမ်သုံးမီနီသုံးဘီးအား အွန်လိုင်းမှတစ်ဆင့် မှာယူခဲ့ရာ ကြိုတင်စရံငွေအဖြစ် ငွေကျပ် ၁,၁၈၀,၀၀၀/-အား ပေးချေလျှင် ပစ္စည်းကို ၁၈-၁၀-၂၀၂၃ ရက်နေ့အရောက် ပေးပို့ပေးမည်ဟု ပြောကြားခဲ့သဖြင့် ၁၃-၁၀-၂၀၂၃ ရက်နေ့တွင် ငွေကျပ် ၁,၁၈၀,၀၀၀/- ကို Wave Money ဖြင့် ငွေလွှဲပေးပို့ခဲ့ပြီးနောက် ပစ္စည်းပေးပို့လာခြင်းမရှိပါသဖြင့် ဆက်သွယ်ရာ ဆက်သွယ်၍ မရရှိသည့်အတွက် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System သို့ တိုင်ကြားလာပါသည်။
တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားမှုအား စိစစ်ရာတွင် တိုင်ကြားသူသည် ယုံကြည်စိတ်ချရမှုမရှိသည့် အွန်လိုင်းပေါ်မှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ၂၀-၁၀-၂၀၂၃ ရက်နေ့မှစ၍ ၎င်းအွန်လိုင်း Page ဖြစ်သော “***” မီနီကားလေးရောင်းဝယ်ရေး၏ Page Messenger သို့လည်းကောင်း၊ ဖုန်းနံပါတ်များသို့လည်းကောင်း နေ့စဉ်ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍မရရှိခဲ့ပါ။ ၃၁-၁၀-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ စားသုံးသူရေးရာဦးစီးဌာနသို့ ချိတ်ဆက်၍ တိုင်ကြားစာပါ နံပါတ်(၁၇၈)၊ ကျယ်ဂေါင် (၄) လမ်း၊ “***” မီနီကားလေးရောင်းဝယ်ရေးဟူသည့် လိပ်စာမှာ မူဆယ်မြို့တွင် ရှိ/မရှိ မေးမြန်း စုံစမ်းရာတွင် ၎င်းလိပ်စာမှာ မူဆယ်မြို့တွင်မရှိဘဲ တရုတ်နိုင်ငံဘက် တွင်သာရှိကြောင်း ပြန် ကြားချက်ရရှိခဲ့ပါသည်။ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူထံသို့ ချိတ်ဆက်၍ တိုင်ကြားစာပါ လိပ်စာမှာ တရုတ်နိုင်ငံတွင် ရှိနေသည့်အတွက် မိမိတို့ဌာနအနေဖြင့် ဆောင်ရွက်ပေးရန် အခက်အခဲရှိကြောင်း၊ အထောက်အထား အပြည့်အစုံဖြင့် သက်ဆိုင်ရာဥပဒေဖြင့်သာ ဖြေရှင်းသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။