Main menu

ပွင့်ဖြူမြို့နယ်၊ ကျွန်းပင်စင်ကျေးရွာ၏ ဆောင်းမြေပဲစိုက်ပျိုးထွက်ရှိမှုအခြေအနေ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မင်းဘူးခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်မွန်မွန်သက်သည် (၁၄-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပွင့်ဖြူမြို့နယ်၊ ကျွန်းပင်စင်ကျေးရွာရှိ ဆောင်းမြေပဲစိုက်ပျိုးသော တောင်သူဦးအောင်ကျော်သူနှင့် သွားရောက်တွေ့ဆုံပြီး ဆောင်းသီးနှံမြေပဲစိုက်ပျိုးထွက်ရှိမှုအခြေအနေကို ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

   ကျွန်းပင်စင်ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး စပါး၊ ပဲကြီး၊ ပဲထောပတ်၊ ကုလားပဲ၊ ပြောင်း၊ နှမ်းနှင့် မြေပဲသီးနှံများကို စိုက်ပျိုးကြကြောင်း၊ ဆောင်းမြေပဲသီးနှံကို ယခုနှစ်တွင် ဧက(၂၀၀)ခန့်စိုက်ပျိုးထားပြီး ရာသီဥတုကောင်းမွန်သောကြောင့် သီးနှံအထွက်အနှုန်းများကောင်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

     ယခုနှစ်တွင် ဆောင်းမြေပဲစိုက်ပျိုးသူ ဦးအောင်ကျော်သူသည် (၅)ဧကခန့်စိုက်ပျိုးထားကြောင်း၊ မြေပဲကို မြေနုကျွန်းတွင်စိုက်ပျိုးကြောင်း၊ (၁)ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့် မြေပဲဆံ(၂)တင်းခန့်ကုန်ကျကြောင်း၊ မြေပဲအသေးအဖြူကိုသာစိုက်ပျိုးကြောင်း၊ (၅)ဧကလျှင် မျိုး(၁၀)တင်းခန့်ကုန်ကျပြီး မျိုးချန်ထားသော မိမိမျိုးကိုသာစိုက်ပျိုးကြောင်း၊ မြေပြင်သည့်စရိတ်မှာလည်း (၁)ဧကလျှင် မြေဆီ(၁) အိတ်နှုန်းအသုံးပြုပြီး ထွန်ယက်ရာတွင် မိမိစက်ဖြင့်ထွန်ယက်သောကြောင့် ဓာတ်ဆီဖိုးသာကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင်လည်း မြေပဲစိုက်ပျိုးစက်ဖြင့် စိုက်ပျိုးသောကြောင့် အကူတစ်ဦးသာလျှင် နေ့စားအနေဖြင့် ငှားရကြောင်း၊ နေ့စားခမှာ ကျပ်(၁၀၀၀၀)ပေးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မျိုးဖိုးမပါ ကျပ်(၇၀၀၀၀)ခန့်ကုန်ကျကြောင်း၊ ဆောင်းမြေပဲကို နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး တစ်လသားခန့်အရွယ်တွင် မြေကြီးအတွင်းအစိုဓာတ်ထိန်းနိုင်စေရန်နှင့် အပင်ရှိအပွင့်ထဲမှ ဝတ်ဆံတိုင်လေးများ မြေကြီးထဲဥချနိုင်ရန်အတွက် ကြားတိုက်ပေးရပါကြောင်း၊  တစ်လခွဲသားခန့်တွင် ထပ်မံအပွင့်ပွင့်စေရန် ပိုးသတ်ဆေးနှင့် အားဆေးဝယ်ယူပက်ဖြန်းရကြောင်း၊ အပွင့်ပွင့်လာပါက ထပ်မံကြားတိုက်ပေးရကြောင်း၊ ဆောင်းမြေပဲသီးနှံသည် မိုးအကုန်ဆောင်းအစတွင် စိုက်ပျိုးရသောသီးနှံဖြစ်၍ စိုက်ပျိုးပြီးပါက မိုးများစွာရွာသွင်းလျှင် မြေကျစ်၍ မြေပဲမဥကြောင်း၊ ဆောင်းအအေးဓာတ်နှင့် လုံလောက်သောအစိုဓာတ်ရှိလျှင် အထွက်နှုန်းကောင်းကြောင်း၊ အပွင့်ပွင့်ချိန်တွင် နှင်းများများကျပါက ပိုမိုအထွက်နှုန်းကောင်းမွန်ကြောင်း၊ အထွက်နှုန်းများမှာ မြေအနေအထားကွာခြားခြင်း၊ မြေအစိုဓာတ်ကွာခြားခြင်း၊ စိုက်ပျိုးပြုပြင်မှုကွာခြားခြင်း၊ သွင်းအားစုသုံးစွဲပုံနှင့် ပိုးသတ်ဆေးအားဆေးသုံးစွဲမှုကွာခြားခြင်း၊ စိုက်ပျိုးမှုကွာခြားခြင်းတို့ကြောင့် ဆောင်းမြေပဲ(၁)ဧကစိုက်ပျိုးလျှင် မြေပဲတောင့်(၇၅)တင်းမှ (၈၀)တင်းအထိ အမျိုးမျိုးကွဲပြားထွက်ရှိကြောင်း၊ ယခုနှစ်တွင် မြေပဲခင်းအနေဖြင့် တစ်ဧကလျှင် (၈၅)တင်းမှ (၉၀) တင်းထွက်ရန် လျာထားကြောင်း၊ နှစ်စဉ် အထွက်နှုန်းကောင်းမွန်ကြောင်း၊ မတ်လ လဆန်းပိုင်းတွင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း ဆောင်းမြေပဲစိုက်ပျိုးတောင်သူ ဦးအောင်ကျော်သူထံမှသိရှိရပါသည်။

DOCA(မကွေး)