Main menu

ဈေးကွက်အဝင်ညီ မြင်းခြံမိုးကြက်သွန်နီ ဈေးမကျန် နေ့ကျန်မရှိ ဝယ်အားရောင်းအား ကောင်းလျှက်ရှိ

Powered by Drupal

         မြင်းခြံခရိုင်၊မြင်းခြံမြို့နယ်တွင်း စိုက်ပျိုးထားရှိသောမိုးကြက်သွန်များ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ စတင်တူးဖော်လျှက်ရှိပြီး ဈေးကွက်အတွင်းသို့ ရောင်းချဖြန့်ဖြူးလျှက်ရှိရာ ဒီဇင်ဘာလ စတုတ္တပတ်ကာလမှစ၍ ယနေ့ထိတိုင် ကုန်ချိန်ပိဿာ ၂ သိန်း နှင့် ၃ သိန်းအကြားပုံမှန်ရောင်းဝယ် လျှက်ရှိကြောင်း သက်ဆိုင်ရာ မြင်းခြံခရိုင် ၊ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း-MDCCI (မြင်းခြံကုန်စည်ဒိုင်)၏ နေ့စဉ်ကောက်ယူပြုုစုထားသောအချက်အလက်များအရ သိရပါသည်။ ဈေးကွက်လေ့လာမှုများအရ မိုးကြက်သွန်နီအပြင် နွေကြက်သွန်နီများလက်ကျန်များရှိနေကြောင်းသိရပြီး နေ့စဉ်ကုန်အဝင်အနေဖြင့် ယခုရက်ပိုင်းတွင် ပိသာတစ်သောင်း ၊ တစ်သောင်းငါးထောင်နှင့် နှစ်သောင်း ပတ်လည်သာ ကုန်အဝင်ရှိပါသည်။

        ယခုကဲ့သို့ ကျန်ရှိနေရခြင်းသည် နွေကြက်သွန်နီကာလတစ်လျှောက် မပြောင်းလဲသည့် ဈေးနှုန်းကို ပြောင်းလဲလာနိုင်ခြင်းရှိ၊မရှိ ဈေးစောင့်နေကြောင်း လုပ်ငန်းရှင်တစ်ဦး၏ပြောကြားမှုအရသိခဲ့ရပါသည်။တချို့မှာ ၃၀၀/- ၊ ၄၀၀/- ၊ ၅၀၀/- ကျပ် ဈေးနှင့်လက်လှမ်းမီရောင်းခဲ့သူတွေလည်းရောင်းခဲ့ကြောင်း Covid ကြောင့် တရုတ်မှအဝယ်ရပ် ပိတ်လိုက် ချိန်တွင် ဘင်္ဂလားဒေ့ရှ်မှဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။ယခုလက်ရှိတွင် အညှောင့်ကင်းအလုံးသန့်အလုံးလှပါက လက်ခံဝယ်ယူလျက်ရှိပါကြောင်း၊ နယ်ဈေးကွက် မဝင်သောနွေကြက်သွန်နီအညှောင့်ပေါက်အညှောင့်ဖြတ်တွေကို မြင်းခြံဈေးကွက်အတွင်းရှိ အသုပ်၊အကြော်အလှော် လုပ်ငန်းရှင်များသို့ အခွံခွာအသင့်သုံး အနေအထားဖြင့် ရောင်းချရာ တစ်ပိဿာလျှင် ၄၀၀/- ၊ ၅၀၀/- ကျပ်ရရှိကြောင်းသိရှိရပါသည်။မကြာခင်ကာလတွင် နွေကြက် သွန်နီရာသီကုန်ဆုံးတော့မည်ဖြစ်၍ ကြက်သွန်နီ လက်ကျန် ကိုခန့်မှန်းရန်ခက်ခဲကြောင်းဟု ကုန်သည်လုပ်ငန်းရှင်တစ်ဦးမှသိခဲ့ရပါသည်။

         နွေအကုန်ဆိုပါက မိုးဈေးထူးခြားလာနိုင်ကြောင်း၊ မိုးကြက်သွန်နီအစိုက်နည်း အထွက်နည်းသည်ဆိုသော်ငြားလည်း ယခုဆိုလျှင် မိုးကြက်သွန်နီများ ဈေးကွက်အတွင်းဝင်လာသည်မှာ နယ်စုံရှိကြောင်း၊ မြင်းခြံမြို့မြောက်ဘက်နယ်ဆိုလျှင် ကတော၊ရွာရှည်၊ကုလရွာ ၊လှိုင်းတက်၊ ရန္တဗိုလ်၊ တောပု၊ဆင်ချောင်း၊တလုပ်၊နယ်ခြား စသည်နယ်များမှလည်းကောင်း၊အရှေ့ဘက်ဆိုလျှင်ဗလုံ၊ ဖောင်းခါး၊ ကံဆင့်၊လေးရွာဆုံ၊ သင်ပြွန်းစသည့်နယ်များမှလည်းကောင်း၊ တောင်ဘက်ဆိုလျှင် ဆားခါး၊ စံဦး၊ ဂွေးပင်ရိုးစသည်နယ်များနှင့် နွားထိုးကြီး၊ တောင်သာနယ်များနှင့် မကွေးတိုင်းရေစကြိုနယ် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရွာများဖြစ်သော မြေတော် ၊ ကျောက်ဖူး ၊ ကျွဲကုန်း ၊မီးလောင်ကျွန်း ရွာများမှလည်း ကုန်စည်ဝင်ရောက် စီးဆင်းမှုရှိကြောင်းသိရှိရပါသည်။ ဈေးကွက်ပေါက်ဈေးအနေဖြင့် ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီ လ ၂ ရက်နေ့တွင် လက်ကားအနိမ့်ဈေး ၁၀၀/- ကျပ်မှ အမြင့်ဈေး ၅၅၀/- ကျပ်ရှိပြီး ကုန်ချိန် အဝင်ပိဿာ ၂၁၀၀၀၀ ရှိပါကြောင်း ၊ မြို့ပေါ်လက်လီဈေးအနေဖြင့် အနိမ့်ဈေး ၂၀၀/- ကျပ်မှ ၇၀၀/- ၊ ၇၅၀/- ကျပ် ရှိကြောင်းလေ့လာသိရှိရပါသည်။ ကုန်စည်စီးဆင်းမှု အနေဖြင့် နေပြည်တော်၊ ရန်ကုန်၊မော်လမြိုင်၊စစ်တွေ၊မန္တလေး၊မူဆယ်မြို့များသို့တင်ပို့ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် ၊ ဗီယက်နမ် သို့လည်း မိတ္ထီလာ၊နေပြည်တော်၊မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင် ဝယ်လက်များမှတစ်ဆင့် တင်ပို့ရောင်းချကြောင်းလေ့လာသိရှိရပါသည်။ သယ်ယူစရိတ်အနေဖြင့် မြင်းခြံမှရန်ကုန် တစ်ပိဿာကားသယ်ခ ၆၅/- ၊ ၇၀/- ကျပ်၊မြင်းခြံမှမော်လမြိုင်၊မြဝတီ တစ်ပိဿာ ကားသယ်ခ ၉၀/-၊၉၅/- ကျပ်၊မြင်းခြံမှမန္တလေး တစ်ပိဿာကားသယ်ခ ၁၅/- ၊ ၂၀/- ကျပ်ရှိကြောင်း လေ့လာသိရှိရပါသည်။ လတ်တလော မြင်းခြံ မိုးကြက်သွန်ဈေးကွက်အနေဖြင့် နယ်စုံဈေးကွက်အဝင်ညီလို့ ဝင်သမျှကုန်စည် ဈေးမကျန် နေ့ကျန်မရှိ ရောင်းအားဝယ်အားကောင်းလျှက်ရှိပါကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး