Main menu

ပေါက်မြို့နယ် ပဲစဉ်းငုံသီးနှံ စိုက်ပျိုးထွက်ရှိမှုအခြေအနေနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပေါက်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးကျော်စိုးသည် (၆.၁.၂၀၂၂) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာ၊ ပဲစဉ်းငုံသီးနှံ စိုက်ပျိုးသော တောင်သူ ဦးမောင်ရွှေနှင့် သွားရောက်တွေ့ဆုံပြီး မိုးသီးနှံပဲစဉ်းငုံစိုက်ပျိုးထွက်ရှိမှုအခြေအနေကို ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။ ပေါက်မြို့နယ်သည် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်အတွင်းတွင်တည်ရှိပြီး မြို့နယ်လူဦးရေနေထိုင်မှုမှာ(၂၀၄၆၈၅)ဦးခန့် နေထိုင်ကြောင်း၊ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်၍ ကြက်သွန်နီ၊ စပါး၊ အာလူး၊ မြေပဲနှင့် သီးနှံမျိုးစုံကို နှစ်စဉ်မပြတ်စိုက်ပျိုးကြကြောင်း၊ ပဲစဉ်းငုံသီးနှံကို သီးညှပ်အဖြစ် စိုက်ပျိုးလျှက်ရှိကြောင်း၊ (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တွင် တစ်မြို့နယ်လုံး ပဲစဉ်းငုံစိုက်ဧက (၈၅၀၀)ခန့် စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် ယာကြီးပြင်ကျေးရွာတွင် ပဲစဉ်းငုံ(သီးညှပ်) စိုက်ဧက(၁၀၀)ခန့် စိုက်ပျိုးကြောင်း၊ ရာသီဥတုအနေအထားကောင်းမွန်မှုကြောင့် သီးနှံအထွက်နှုန်းမှာ ကောင်းမွန်ကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် စိုက်တောင်သူဦးမောင်ရွှေသည် ပဲစဉ်းငုံ(သီးညှပ်) (၅)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ အဓိကစိုက်ပျိုးသီးနှံမဟုတ်ဘဲ ကြားညှပ်ပြီး စိုက်ပျိုးခြင်းဖြစ်ပါသောကြောင့် မြေပြုပြင်စရာမလိုဘဲ ကုန်ကျစရိတ်နည်းပါးကြောင်း၊ မြေပဲ၊ ပဲတီစိမ်းအခင်းများကြားတွင် သီးညှပ်စိုက်ပျိုးမှု များပြားပြီး မြေဖျင်းမြေညံ့များတွင်လည်း စိုက်ပျိုးကြကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် မျိုးစေ့(၂) ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးစေ့(၁) ပြည်လျှင် ငွေကျပ်(၄၀၀၀)နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ (၅)ဧကစိုက်ပျိုးခြင်းဖြစ်၍ (၁၀)ပြည်ခန့် ဝယ်ယူရပြီးမျိုးစေ့ဝယ်ယူစရိတ်မှာ (၄၀၀၀၀) ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလအထိ (၂)လသား ခန့်အရွယ်တွင် မြေကြီးအတွင်းရှိ အစိုဓါတ်ထိန်းနိုင်စေရန်နှင့် အပင်ကြီးထွားစေရန်အတွက် ကျောက်မှုန့်(၂) အိတ်ခန့် ဝယ်ယူပြီး အပင်ခြေသို့ တစ်ပင်ချင်းလိုက်၍ တူးဆွပြီး ထည့်ရကြောင်း၊ (၂)လခွဲသားအရွယ်တွင် အပွင့်အသီးလိုက်စေရန်အတွက် ပိုးသတ်ဆေးနှင့် အားဆေးဝယ်ယူပက်ဖျန်းရကြောင်း၊ ဒီဇင်ဘာလ တွင်စတင်ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးသက်တမ်းမှာ (၄)လခွဲခန့်ကြာမြင့်ကြောင်း သိရှိရပါသည်။ ပဲစဉ်းငုံ(သီးညှပ်)သီးနှံသည် မိုးများစွာရွာသွန်းလျှင် အပင်မသန်၍ အထွက်နှုန်းနည်းကြောင်း၊ စတင်စိုက်ပျိုးချိန်တွင် မိုးအကြိမ်ရေများစွာ ရွာသွန်းခဲ့သော်လည်း အပွင့်ပွင့်ချိန်တွင် မိုးရွာသွန်းမှု နည်းပါးသွားသောကြောင့် အပွင့်မကြွေဘဲ အသီးတင်မှုများ၍ အထွက်နှုန်းမှာ အသင့်အတင့်ကောင်း မွန်ကြောင်း၊ မြေအနေအထားကွာခြားခြင်း စိုက်ပျိုးချိန်တွင် မြေအစိုဓာတ်ကွာခြားခြင်း၊ စိုက်ပျိုးပြီး အပင်ပြုပြင်မှုကွာခြားခြင်း၊ သွင်းအားစု သုံးစွဲပုံနှင့် ပိုးသတ်ဆေး၊ အားဆေးသုံးစွဲမှု ကွာခြားခြင်း၊ စိုက်ပျိုးမြေထွန်သွားကြောင်း အကျဲအစိပ် စိုက်ပျိုးမှုကွာခြားခြင်းတို့ကြောင့် ပဲစဉ်းငုံ(၁)ဧက စိုက်လျှင် အထွက်နှုန်းမှာ (၄)တင်းမှ (၁၀)တင်းအထိ အမျိုးမျိုးကွဲပြားထွက်ရှိကြကြောင်း ယခုနှစ် ပဲစဉ်းငုံစိုက် တောင်သူ ဦးမောင်ရွှေသည် တစ်ဧကလျှင်(၉)တင်းခန့် ထွက်ရှိကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်း ကောင်းမွန်ကြောင်း သိရှိရပါသည်။ ဈေးနှုန်း/ဈေးကွက်အနေဖြင့် ယခုနှစ်တွင် ပဲစဉ်းငုံ(၁)တင်းလျှင် သီးနှံပေါ်စအချိန်၌ (၄၀,၀၀၀/-) ကျပ်ဖြင့်ရောင်းချရပြီး ယခင်နှစ်ဈေးနှုန်းမှာ (၂၄,၀၀၀/-)ကျပ် မှ (၂၅,၀၀၀/-)ကျပ်အထိသာ အမြင့်ဆုံး ဈေးနှုန်းအဖြစ် ရောင်းချခဲ့ရကြောင်း ပဲစဉ်းငုံစိုက်တောင်သူများအနေဖြင့် ယခင်နှစ်ထက် ဈေးနှုန်း ပိုမိုရရှိလျှက်ရှိကြောင်း၊ စိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံများကို ပခုက္ကူမြို့သို့ သွားရောက်ရောင်းချ လျက်ရှိပါကြောင်း သိရှိရပါသည်။ တစ်ဧကစိုက်ပျိုးလျှင် ကုန်ကျစရိတ်မှာ (၁၀၀,၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ မိသားစုဝင်များဖြင့် လုပ်ကိုင်သည့်အတွက်(၇၀,၀၀၀/-)ကျပ်ခန့်သာ ကုန်ကျကြောင်း သိရှိရပါသည်။ တစ်ဧကဝင်ငွေမှာ (၃၆၀,၀၀၀/-) ကျပ်ခန့်ရရှိ၍ (၂၀၀,၀၀၀/-)ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း ပဲစဉ်းငုံစိုက် တောင်သူ ဦးမောင်ရွှေ၏ ပြောကြားချက်အရ လေ့လာသိရှိရပါသည်။ ပဲစဉ်းငုံစိုက်တောင်သူများသည် ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့်သီးနှံများကို ပြည်တွင်းသာမက ပြည်ပအထိ နှစ်စဉ်တင်ပို့ရောင်းချမှုပြုလုပ်ဆောင်ရွက်ပေးနိုင်ပါက ဈေးနှုန်း/ဈေးကွက်များပိုမို ကောင်းမွန်လာပြီး အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပဲစဉ်းငုံသီးနှံသည် စားသုံးသူ ပြည်သူများ နေ့စဉ်စားသုံးသင့်ပြီး ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုသော သီးနှံတစ်မျိုးဖြစ်သောကြောင့် နှစ်စဉ်မပျက် စိုက်ပျိုးပေးသင့်ပါကြောင်း ပဲစိုက်တောင်သူထံမှတစ်ဆင့် သိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး