
ကြက်ဥ၊ ဘဲဥသည် အလွယ်တကူချက်ပြုတ်စားသောက်နိုင်သည့် ဟင်းလျာတစ်မျိုးဖြစ် သည့်အပြင် အာဟာရဓါတ်လည်း ပြည့်ဝ၊ အသားငါးထက်လည်း ဈေးနှုန်းချိုသာသဖြင့် ရောင်းအားကောင်းပါသည်။ တောင်ငူမြို့တွင် ဥစားကြက်မွေးမြူရေးခြံများ၊ ဘဲမွေးမြူရေးခြံများမှ ကြက်ဥ၊ ဘဲဥများအပြင် တောင်ကြီးဒေသနှင့် ပြင်ဦးလွင်ဒေသများမှ ကြက်ဥများလည်း ဝင်ရောက်လာပါသည်။
ကြက်ဥ တစ်လုံးလျှင် အသေး ၂၄၀ ကျပ်၊ အလတ် ၂၅၀ ကျပ်နှင့် အကြီး ၂၇၀ ကျပ်ဖြင့် ယခင်လကဲ့သို့ ဈေးနှုန်းတည်ငြိမ်နေပြီး ဘဲဥမှ ယခင်လက တစ်လုံးလျှင် အသေး ၃၀၀ ကျပ်၊ အလတ် ၃၃၀ ကျပ်နှင့် အကြီး ၃၅၀ ကျပ်ရှိရာမှ ယခုနိုဝင်ဘာ တတိယအပတ်တွင် တစ်လုံးလျှင် အသေး ၂၈၀ ကျပ်၊ အလတ် ၃၀၀ ကျပ်နှင့် အကြီး ၃၂၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် ကျဆင်းပါသည်။
ယခုကာလသည် ကထိန်ပွဲတော်ကာလ အလှူအတန်းပေါများသဖြင့် ကြက်ဥ၊ ဘဲဥများ အရောင်းအဝယ်ကောင်းသောကာလဖြစ်ကြောင်း တောင်ငူမြို့ရှိ ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်များမှ သိရပါသည်။
DOCA(ပဲခူး)