Main menu

ပေါက်မြို့နယ်၊ ယောချောင်းဘေးရှိ အောက်ကျင်းကျေးရွာ၏ ကြက်သွန်နီစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ပျဉ်းချောင်းအုပ်စု၊ ယောချောင်းဘေးရှိ ကျေးရွာများဖြစ်သော ပျဉ်းချောင်း၊ ထန်းတောကုန်း၊ ဆူးလေကုန်း၊ ဆယ်ဝ၊ ဆင်သေ၊ အောက်ကျင်း စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး စပါး၊ ကုလားပဲ၊ မြေပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး စသည့်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိကြောင်းသိရှိရသည်။

   မိုးကြက်သွန်နီ(ခေါ်)ဥစိုက်ကြက်သွန်နီများကို အောက်ကျင်းကျေးရွာရှိ တောင်သူ(၁၀)ဦးမှာ (၁၀)ဧကနီးပါးစိုက်ပျိုးထားရှိပြီး မိုးနှောင်းကာလဖြစ်သည့် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလအစတွင် စတင်စိုက်ပျိုးကြကြောင်းသိရသည်။ စိုက်ပျိုးရာတွင် မျိုးကိုဝယ်စရာမလိုဘဲ ယခင်နှစ်တွင်စိုက်ပျိုးခဲ့သည့် ကြက်သွန်နီစိုက်ခင်းများမှထွက်ရှိသော ကြက်သွန်နီဥများအနက် အသေးဆုံးအရွယ်များကို မျိုးအဖြစ်ဖယ်ချန်ကာ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကြက်သွန်နီစိုက်ခင်း(၁)ဧကလျှင် စိုက်ပျိုးရန်မြောင်း ပေါင်(၂၀၀)နီးပါးပြုလုပ်ရပြီး (၁)ပေါင်လျှင် မျိုးဥကြက်သွန်နီ(၂)ပိဿာကျော်အသုံးပြုရ၍ (၁)ဧကလျှင် ပိဿာချိန်(၄၀၀)ပိဿာကျော်ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးသည့်အချိန်မှစ၍ ရက်ပေါင်း(၉၀) ကျော်တွင်တူးဖော်ရကြောင်း၊ စိုက်ပျိုးချိန်ရက်(၉၀)အတွင်း မြေအနေအထားပေါ်မူတည်၍ ရေကို အနည်းဆုံး(၅)ကြိမ်နှင့်အထက်သွင်းရကြောင်း၊ ပျိုးပင်ကိုစိုက်ပျိုးခြင်းထက် မျိုးဥစိုက်ပျိုးမှုမှာ အထွက်နှုန်းနည်းပြီး ဥစိုက်အထွက်နှုန်းမှာ (၁)ဧကလျှင် ပိဿာချိန်(၃၀၀၀)ပိဿာနီးပါးထွက်ရှိကြောင်း၊ ထွက်ရှိသောကြက်သွန်နီများကို ကံမ္မမြို့နှင့် ပခုက္ကူမြို့ရှိကုန်စည်ဒိုင်များသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ဥစိုက်ကြက်သွန်နီစိုက်ပျိုးချိန်သည် မိုးကာလဖြစ်၍မြက်ပင်များရှင်းလင်းရသည့် လုပ်အားခ၊ ထွန်စက်ဖြင့်မြေပြုပြင်ခအပါအဝင် ၂၀၂၃ခုနှစ်တွင် (၁)ဧကလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၁၉)သိန်းနီးပါးရှိကြောင်း၊ ယခင်နှစ်တွင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၁၆) သိန်းရှိခဲ့ပြီး ကြက်သွန်နီဈေးနှုန်းမှာ (၁)ပိဿာလျှင် အမြင့်ဆုံးဈေး ကျပ်(၂၅၀၀)ရရှိကြောင်း၊ ယခုနှစ်တွင် ကြက်သွန်နီစိုက်ခင်းကုန်ကျစရိတ်မှာ ယခင်နှစ်ထက်ပိုမိုကုန်ကျသောကြောင့် ယခုနှစ်ကြက်သွန်နီထွက်ရှိချိန်တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၀၀၀)ရရှိမည်ဆိုပါက ကြက်သွန်စိုက်တောင်သူများအနေဖြင့် အဆင်ပြေမည်ဖြစ်ပါကြောင်း အောက်ကျင်းကျေးရွာနေ ကြက်သွန်နီစိုက်တောင်သူ ဦးဝင်းနိုင်ထံမှသိရှိရပါသည်။

DOCA(မကွေး)