မွန်ပြည်နယ်သည် နှစ်စဉ် ပျှမ်းမျှမိုးရေချိန် (၂၁၀)လက်မခန့်ရရှိကာ စိမ်းစိုသောတောင်ကုန်းတောင်တန်းများလည်း ပြည်နယ်အဝှမ်းတွင်တည်ရှိပါသည်။ မြေဩဇာကောင်းမွန်သည့် ကမ်းရိုးတန်းလွင်ပြင်နှင့် မြေပြန့်လွင်ပြင်များလည်းရှိသဖြင့် နှစ်တို၊ နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းစွာဖြစ်ထွန်းရန်အတွက် ရေခံ၊ မြေခံကောင်းများနှင့်ပြည့်စုံသည့် ပြည်နယ်တစ်ခုဖြစ်သည်။ မွန်ပြည်နယ်အတွင်းရှိ နှစ်ရှည်ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများအဖို့ ကွမ်းသီးကို ကျယ်ကျယ်ပြန့်ပြန့်ရွေးချယ်စိုက်ပျိုးကြသည့်အလျောက် ကွမ်းသီးကဏ္ဍမှရရှိသော အကျိုးအမြတ်သည် ပြည်နယ်၏ စီးပွားရေးကဏ္ဍအတွက်လည်း ပမာဏတစ်ခုအထိ ကျောထောက်နှောက်ခံပြုပေးနေသည့် အခြေအနေတစ်ရပ်ဖြစ်သည်။
အင်း၀ခေတ်စာဆိုဦးမင်းလူ၏ “တံတားဦးက ကွမ်းနုဝါ၊ ငမြဆေး၊ ကွမ်းသီးတောင်ငူနှင့် ကိုင်းထုံးဖြူ၊ ပြည်ရှား၊ အသားဝါလို့ထွေး” ဟူ၍ စာဖွဲ့တင်စားရလောက်သည့်အထိ ရှေးကတည်းကပင် ကွမ်းစားခြင်းဓလေ့သည် မြန်မာလူမှုအသိုက်အဝန်းတွင် ဓလေ့တစ်ခုအဖြစ်တည်ရှိခဲ့သည်။ မွန်ပြည်နယ်တွင် မိရိုးဖလာမှသည် ယနေ့ထိတိုင် ကွမ်းသီးကို အစဉ်အဆက်စိုက်ပျိုးခဲ့သည့် နှစ်ရှည်သီးနှံတစ်ခုအဖြစ်တည်ရှိနေသည်။ ကွမ်းစားခြင်းဓလေ့နှင့်ယှဉ်၍ ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် အခန်းကဏ္ဍသည်လည်း အလွန်ပင်အရေးပါလှပေသည်။
မွန်ပြည်နယ်အတွင်း ကွမ်းသီးနှစ်အလိုက် စိုက်ပျိုးထုတ်လုပ်မှု၊ စိုက်ဧက၊ ထွက်နှုန်း၊ ထွက်ရှိမှု
စဉ် |
ခုနှစ် |
စိုက်(ဧက) |
အသီးခူး (ဧက) |
အထွက်နှုန်း (ပိဿာ) |
အထွက် (ပိဿာ) |
အထွက် (တန်) |
၁ |
၂၀၁၈-၂၀၁၉ |
၅၆၂၆၁ |
၅၀၀၁၄ |
၁၀၈၈.၈၅ |
၅၄၄၅၇၅၁၃ |
၈၈၉၂၆ |
၂ |
၂၀၁၉-၂၀၂၀ |
၅၆၂၆၁ |
၄၉၈၂၉ |
၁၀၇၈.၇၂ |
၅၃၅၇၁၇၀၈ |
၈၇၇၇၄ |
၃ |
၂၀၂၀-၂၀၂၁ |
၅၆၂၆၁ |
၅၂၅၉၂ |
၁၀၁၆.၉၁ |
၅၃၄၈၁၅၉၃ |
၈၇၃၃၃ |
၄ |
၂၀၂၁-၂၀၂၂ |
၅၆၂၆၁ |
၅၁၄၂၅ |
၁၀၅၅.၁၄ |
၅၄၂၆၀၇၀၉ |
၈၈၆၀၅ |
၅ |
၂၀၂၂-၂၀၂၃ |
၅၆၅၀၈ |
၅၃၈၉၂ |
၁၀၃၉.၀၂ |
၅၅၉၉၄၆၁၁ |
၉၁၄၃၆ |
(၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်မှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်ထိ (၅၆၂၆၁)ဧကရှိပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် (၅၆၅၀၈) ဧကရှိသဖြင့် (၂၄၇)ဧကတိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည်။
ဈေးနှုန်းဈေးကွက်အခြေအနေ
ဈေးနှုန်းအနေဖြင့် ဒေသအလိုက်ကွဲပြားမှုရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် မော်လမြိုင်ပါးပုတ်သီး (အရိုင်း) တစ်ပိဿာလျှင် (၃၆၀၀)ကျပ်၊ မော်လမြိုင်အညိုသီး(အသန့်)တစ်ပိဿာလျှင် (၃၈၀၀)ကျပ်၊ မော်လမြိုင်အညိုသီး(ပြွမ်း) တစ်ပိဿာလျှင် (၃၂၀၀)ကျပ်၊ ရေးပေါင်းခြမ်း(99%အခြောက်) တစ်ပိဿာလျှင် (၅၄၀၀) ကျပ်၊ ရေးအံစာအသန့် (ခြောက်)တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ကွမ်းသီးအခြမ်းအဝိုင်း(သန့်)တစ်ပိဿာလျှင် (၆၄၀၀-၇၅၀၀)ကျပ် ဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး ယခင်နှစ် နိုဝင်ဘာလဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့်ဈေးနှုန်းကျလာသည်ကိုတွေ့ရှိရပါသည်။ ပုံမှန်အားဖြင့် အိန္ဒိယဈေးကွက်တစ်ခုတည်းကိုသာမှီခိုနေရသောကြောင့် ဈေးကွက်ရွေးချယ်ဝယ်ယူနိုင်မှုနည်းပါးခြင်း၊ သယ်ယူပို့ဆောင်ခနှုန်းမြင့်မားလာခြင်းနှင့် ပြည်ပတင်ပို့ရာတွင် အခွန်အခမြင့်မားလာခြင်းကြောင့် ယခုနှစ်တွင် ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း ကွမ်းသီးလုပ်ငန်းရှင်ထံများမှသိရသည်။ မွန်ပြည်နယ်မှ ကွမ်းသီးလုပ်ငန်းရှင်များအနေဖြင့် ကွမ်းသီးကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းမရှိဘဲ ရန်ကုန်နှင့်မန္တလေးမြို့များမှ ကုန်သည်များကိုယ်တိုင်လာရောက်ဝယ်ယူခြင်း၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့်ကလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချခြင်း၊ ဒေသတွင်းဖြန့်ဖြူးရောင်းချခြင်းဖြင့် ပြည်တွင်းဈေးကွက်ကို အဓိကထားဆောင်ရွက်နေကြောင်း လေ့လာတွေ့ရှိရသည်။
(၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် ကွမ်းသီးထွက်ရှိ၊ စားသုံး၊ တင်ပို့၊ သိုလှောင်မှု (ခန့်မှန်း)
စဉ် |
အကြောင်းအရာ |
ရေတွက်ပုံ(တန်) |
၁ |
ကွမ်းသီးထွက်ရှိမှု |
၉၁၄၃၇ |
၂ |
စားသုံးမှု |
၁၂၀၀ |
၃ |
တင်ပို့မှု |
၅၅၆၃၇ |
၄ |
သိုလှောင်မှု |
၃၄၆၀၀ |
ပုံမှန်အားဖြင့် ကွမ်းသီးကို ရာသီတစ်နှစ်တွင် (၂)ကြိမ်ဆွတ်ခူးနိုင်ပြီး နေရာဒေသမရွေးစိုက်ပျိုးနိုင်သေ ာသီးနှံဖြစ်သည့်အတွက် တစ်ကြိမ်ရင်းနှီးစိုက်ပျိုးခြင်းဖြင့် နှစ်(၃၀)ကျော်အထိ ဝင်ငွေရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် ကွမ်းသီးပင်ကို ကြားသီးနှံနှင့်ရောနှောစိုက်ခြင်းဖြင့် ဝင်ငွေ ၂ဆတိုးစေသည့် ရာသီပေါ်နှစ်ရှည်သီးနှံဖြစ်သည့်အတွက် တောင်သူများအနေဖြင့် တွက်ခြေကိုက်သော နှစ်ရှည်သီးနှံပင်ဖြစ်သောကြောင့် ကွမ်းသီးပင်ကို စိုက်ပျိုးသင့်ပါသည်။
မွန်ပြည်နယ်တွင် ရှေးယခင်ကတည်းကပင် ကွမ်းသီးကို မိရိုးဖလာနှစ်ရှည်ဥယျာဉ်ခြံစိုက်ပျိုးသီးနှံအဖြစ် စိုက်ပျိုးခဲ့ကြသော်လည်း တောင်သူများ၊ ကွမ်းသီး ကုန်သည်များနှင့်ဆက်စပ်ပတ်သက်ရာလုပ်ငန်းရှင်များနှင့်စုဝေး၍ “ကွမ်းသီး” နှင့်ပတ်သက်သည့် အစုအဖွဲ့ဖွဲ့စည်း၍ ဆောင်ရွက်နိုင်ခဲ့သည့်အနေအထားမရှိခဲ့သေးပေ။ ကွမ်းသီးစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့၊ ရောင်းချမှုနှင့်ပတ်သက်၍ ရောင်းဝယ်ဖောက်ကားမှု၊ ကုန်သွယ်ရေး၊ ဈေးကွက် စသည့်အရပ်ရပ်သော အခြေ အနေတို့တွင် တောင်သူများ၊ လုပ်ငန်းရှင်များကြုံတွေ့နေရသည့်အခက်အခဲများကို ဝိုင်ဝန်းဆွေးနွေးအဖြေရှာ၍ စုပေါင်းဆောင်ရွက်နိုင်မည့် နေရာတစ်ခုကား လိုအပ်ချက်အဖြစ် ကာလရှည်ကြာတည်ရှိနေခဲ့သည်။ ထို့ကြောင့် ပြောင်းလဲလာသည့် ကွမ်းသီးစိုက်ပျိုးမှု၊ ထုတ်လုပ်မှုနှင့်ပတ်သက်သည့် ဈေးကွက်နှင့် နည်းပညာအခန်းကဏ္ဍများကိုလည်း လျစ်လျူရှုထား၍မရဘဲ ကွမ်းသီးတောင်သူများအနေဖြင့် မပြတ်သတိချနေရမည်ဖြစ်သည်။ ပြည်နယ်အတွင်းရှိ ကွမ်းသီးစိုက်ပျိုးထုတ်လုပ်နေသည့် တောင်သူများအနေဖြင့် မိမိတို့တစ်သီးပုဂ္ဂလလုပ်ငန်းများအနေဖြင့်သာ နှစ်လရှည်ကြာစွ ာသီးခြားလည်ပတ်လုပ်ကိုင်လာခဲ့ကြကာ လုပ်ငန်းရှင်များအစုအဖွဲ့ ဖွဲ့၍ အသင်းအဖွဲ့အနေဖြင့် စုပေါင်းလုပ်ကိုင်ခြင်းမရှိသည့်အတွက် အစုအဖွဲ့ပုံသဏ္ဌာန်ဖြင့်ကြိုးပမ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မှု အားနည်းခဲ့ပေသည်။ ထိုအခြေအနေကြောင့် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချရာတွင် လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲကြုံတွေ့ရပါက တစ်ဦးချင်းစီကိုယ်တိုင်သာ တာဝန်ယူဖြေရှင်းရသည့်အခြေအနေကိုရင်ဆိုင်ခဲ့ရပါသည်။ ထိုသို့လိုအပ်နေသည့် အခြေအနေကိုဖြည့်ဆည်းနိုင်ရန်အတွက် ကွမ်းသီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် လုပ်ငန်းရှင်များက မွန်ပြည်နယ်၏ ကွမ်းသီးကဏ္ဍနှင့်ပတ်သက်သည့် အသင်းအဖွဲ့တစ်ခုဖွဲ့စည်းနိုင်ရန်အတွက် စတင်ကြိုးပမ်းခဲ့ကြသည်။
အသင်းအဖွဲ့ ဖွဲ့စည်းထားရှိမှု
၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၄)ရက်နေ့တွင် “မွန်ပြည်နယ်ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း” အမည်ဖြင့် ကွမ်းသီးအသင်းအဖွဲ့ကို အသင်းသား (၃၇)ဦးဖြင့် အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့သည်။ အကျိုးရလဒ်အနေဖြင့် ပြည်နယ်၏စီးပွားရေးကဏ္ဍ၌ ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှုအခန်းကဏ္ဍသည်လည်း အရေးပါသည့်အခန်းကဏ္ဍတစ်ခုဖြစ်သည့်အားလျော်စွာ ကွမ်းသီးလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကွမ်းသီးထုတ်လုပ် ရောင်းချသည့်လုပ်ငန်းရှင်များအကြား ပိုမိုအားကောင်းသည့် ချိတ်ဆက်မှုမှတစ်ဆင့် ကျယ်ပြန့်သည့်ဈေးကွက်ထိုးဖောက်နိုင်မှုကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မွန်)