Main menu

မြင်းခြံဒေသပဲစင်းငုံသီးနှံ စတင်ထွက်ရှိ

Powered by Drupal

       ပဲစင်းငုံသီးနှံသည် အခြားသောသီးနှံများနှင့်မတူဘဲ (၈)လ၊ (၉)လကြာ စိုက်ပျိုးထားရှိရသော သီးနှံတစ်ခုဖြစ်ပါသည်။ ပဲစင်းငုံကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အများဆုံး စိုက်ပျိုးကြသည်ဟု သိရှိရပါသည်။ စိုက်ပျိုးမှုအနေဖြင့် မေလနှင့်ဇွန်လတို့တွင် အများအားဖြင့် စိုက်ပျိုးကြပြီး ဇန်နဝါရီလ နှင့်ဖေဖော်ဝါရီလတို့တွင် ပုံမှန်ရိတ်သိမ်းလေ့ရှိပါသည်။ တစ်ချို့ဒေသများတွင် ဒေသရာသီဥတုနှင့် စိုက်ပျိုးမြေပေါ်မူတည်၍ စောစိုက်ကြသဖြင့် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် စတင်ထွက်ပေါ်လေ့ရှိသည်ဟု သိရပါသည်။

         စိုက်ပျိုးသူ တောင်သူများအနေဖြင့်လည်း ပဲစင်းငုံကို ဟင်းလျာအနေဖြင့် ခွဲခြမ်းခွဲ၍ ပဲထမင်းသော်လည်းကောင်း၊ ဟင်းချိုသော်လည်းကောင်း၊ ပဲကြာဇံအဖြစ်ထုတ်လုပ်၍ သော်လည်းကောင်း၊ ပဲကြော်အဖြစ် လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးလေ့ရှိပါကြောင်း၊ မရိတ်သိမ်းမီ ပဲအစိုကိုခူးဆွတ်၍ မုန့်ပဲသရေစာအဖြစ် ပြုတ်၍သော်လည်းကောင်း စားသုံးလေ့ရှိကြသည်ဟုသိရပါသည်။ ပဲစင်းငုံမှာ ချိုဆိမ့်သောအရသာရှိပြီး ဘေးဥပဒ်အန္တရာယ်မဖြစ်စေသည့်အပြင် ကျန်းမာသန်စွမ်းခြင်းကို အထောက်အကူပြုကြောင်း သိရှိရသည့်အတွက် စားသုံးသင့်သောပဲတစ်မျိုးလည်း ဖြစ်ပါသည်။ ပဲစင်းငုံကို Value Added တန်ဖိုးမြှင့်ထုတ်ကုန် တစ်ခုအနေဖြင့် စီမံဖော်ဆောင်ပြီး လုပ်ဆောင် နိုင်မည့်ဆိုပါက နိုင်ငံအတွက် ဝင်ငွေများစွာ အထောက်အကူပြုနိုင်သည်ဟု လုပ်ငန်းရှင် တစ်ဦး၏ ပြောကြားမှုအရသိရပါသည်။ ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံသည် ပဲတင်သွင်းမှုနှင့်ဝယ်ယူမှုကို အများဆုံးပြု လုပ်သောနိုင်ငံဖြစ်သည့်အားလျှော်စွာ ယခုလဲ မြန်မာနိုင်ငံမှ ပဲတင်သွင်းမှုကို ၂၀၂၂ ခုနှစ်၊ မတ်လ အထိ ထပ်မံသက်တမ်းတိုးမြှင့်ထားသည်ဟု မန္တလေးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းမှ သိရပါသည်။ ပဲစင်းငုံသီးနှံသည် Export သီးနှံဖြစ်ပြီး ယခုနှစ်တွင် ပဲဈေးကောင်းလျက် ရှိသည့်အတွက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

         မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အနေဖြင့် ၂၀၂၀ -၂၀၂၁ ခုနှစ်တွင် ပဲစင်းငုံစိုက်ပျိုးမှုမှာ ဧကပေါင်း(၁၂၅၃၄၂)ဧကရှိခဲ့ပြီး ရိတ်ဧကမှာ(၁၂၅၃၄၂)ဧကနှင့် တစ်ဧကလျှင် အထွက်နှုန်းအနေဖြင့်     ပျမ်းမျှ (၈.၇၈)တင်းထွက်ရှိသဖြင့် အထွက်တင်းပေါင်း (၁၁၀၀၅၀၂)တင်း ထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ မြင်းခြံခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပဲစင်းငုံစိုက်ဧကပေါင်း(၁၃၀၃၁၂)ဧကစိုက်ပျိုးခဲ့ပြီး၊ တစ်ဧကလျှင်အထွက်နှုန်း (၇.၆၄)တင်းထွက် ရှိပြီး ယနေ့အထိ ရိတ်ဧက(၄၄၀၃၂)ဧက ရိတ်သိမ်းပြီးဖြစ်၍ အထွက်တင်းပေါင်း (၃၃၆၄၀၄)တင်း ထွက်ရှိပြီးဖြစ်ပါသည်။ မြင်းခြံခရိုင်အတွင်း၌ မြို့နယ်အလိုက် စိုက်ပျိုးမှုအနေဖြင့် နွားထိုးကြီး မြို့နယ်တွင် ပဲစင်းငုံစိုက်ပျိုးထားသော စိုက်ဧက(၇၆၀၈၅)ဧက အများဆုံးစိုက်ပျိုးမှုရှိပါကြောင်း၊ ငါန်းဇွန်မြို့နယ်တွင် စိုက်ဧက(၃၀၂၀၇)ဧက၊ တောင်သာမြို့နယ်တွင် စိုက်ဧက(၁၈၁၅၅)နှင့် မြင်းခြံ မြို့နယ်တွင် (၅၈၆၅)ဧက စိုက်ပျိုးထားရှိပြီးဖြစ်သည့်အတွက် ရိတ်သိမ်းပြီး ပဲစင်းငုံသီနှံများကို ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

         လက်ရှိပဲစင်းငုံဈေးအနေဖြင့် တစ်ပိဿာ ၁၈၅၀/- ၊ ၁၉၀၀/- ၊ ၂၀၀၀/- ၊ ၂၀၅၀ ကျပ်ရှိ ပါသည်။ ပဲအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်ကွာခြားလျက်ရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူတွင် ပဲစင်းငုံဈေးသည် (၁၂၀၀-၁၃၀၀)ကျပ် ရှိသည့်အတွက် လက်ရှိဈေးနှင့် နှိုင်းယှဉ်လျှင် တောင်သူများအထိုက်အလျောက် အဆင်ပြေသည်ဟု သိရှိရပါသည်။ ထွက်ရှိသော ပဲစင်းငုံသီးနှံများ၏ အရောင်းအဝယ်ဖြစ်မှုအနေဖြင့်   မြို့ပေါ်ကုန်သည်လုပ်ငန်းရှင်များမှ ဝယ်ယူစု ဆောင်းပြီး မန္တလေးမြို့သို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ ပေါ်ဦးပေါ်စဖြစ်သည့်အတွက် ပဲစင်းငုံသီးနှံများ အဝင်နည်းသေးသော်လည်း ယခုနှစ်ပဲစင်းငုံစိုက်တောင်သူများ အကျိုးအမြတ် ရရှိကြောင်း သိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)