မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ xxx သည် xxx ပိုးထည် ချည်ထည် အမျိုးမျိုးရောင်းဝယ်ရေး Online Page Live မှ ပါတိတ်ထမီ(၁၀)ကွင်းအား ကျသင့်ငွေ ကျပ်(၂၈၄၀ဝ)၊ ပို့ဆောင်ခ ကျပ်(၁၀၀ဝ)၊ စုစုပေါင်းကျသင့်ငွေ ကျပ်(၂၉၄၀ဝ)အား K-Pay ဖြင့် ငွေလွှဲ၍ ဝယ်ယူခဲ့ပါသည်။ သို့သော်လည်း မှာယူပြီး (၃)ပါတ်အကြာအထိ အထည်များပေးပို့လာခြင်းမရှိသဖြင့် ဆက်သွယ်ပြောကြားခဲ့ရာတွင် ရိုင်းစိုင်းစွာပြောဆိုပြီး Account အား block သွားပါသဖြင့် Consumer Call Center 1535 သို့ တိုင်ကြားလာပါသည်။
ဌာနမှ တိုင်ကြားမှုနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူထိခိုက် နစ်နာမှုရှိ/မရှိ စိစစ်ခဲ့ပြီး တိုင်ကြားသူဝယ်ယူခဲ့သည့် Online Page တွင် ဖော်ပြထားသော ဖုန်းနံပါတ်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသဖြင့် ၎င်း၏ Page Chat Box မှတဆင့် ဖြေရှင်းဆောင်ရွက်ပေးရန် ညှိနှိုင်းပေးခဲ့ပါသည်။ ၎င်း Pageမှ အထည်ဝယ်ယူခဲ့သူကိုယ်တိုင် ဆက်သွယ်ပေးပါရန် ပြောကြားလာသဖြင့် တိုင်ကြားသူအား ဆက်သွယ်စေခဲ့ပါသည်။ တိုင်ကြားသူ၏ K-Pay Account ထဲသို့ ပါတိတ်ထမီ(၁၀)ကွင်း ဝယ်ယူခဲ့သည့်ကျသင့်ငွေ ကျပ်(၂၉၄၀ဝ)အား ပြန်လည်လွှဲပြောင်းပေးပို့ပြီးဖြစ်ကြောင်း xxx ပိုးထည်ချည်ထည်ရောင်းဝယ်ရေး Page Message မှပေးပို့လာပါသည်။ တိုင်ကြားသူအား လျော်ကြေးငွေ ရရှိခြင်းရှိ/မရှိမေးမြန်းရာ လျော်ကြေးငွေ ပြန်လည်ရရှိပြီးဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ ဖြေရှင်းဆောင်ရွက်ပေးမှုအပေါ် စိတ်ကျေနပ်မှုရရှိသဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံး သို့လာရောက်၍ ကြေအေးလွှာတွင် လက်မှတ်ရေးထိုးပြီး အမှုအားပိတ်သိမ်းခဲ့ပါကြောင်း သိရှိရသည်။
DOCA(မကွေး)