ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်တွင် ၅% မှ ၁၀% ခန့် တိုးတက်လာမည်ဟု ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်က ခန့်မှန်းထားရာ ဆန်တန်ချိန် ၆၇၀,၀၀၀ ဝန်းကျင်ခန့် တင်ပို့နိုင်ဖွယ်ရှိပြီး ရည်မှန်းထားသော လျာထားချက် တန် ချိန် ၇၀၀၀၀၀ ၏ ၉၅% အထိ ရှိလာမည်ဖြစ်သည်။
ပြည်တွင်းဆန်စပါးလုပ်ငန်းနှင့် တောင်သူများ၏ စားဝတ်နေရေးအသက်မွေးဝမ်းကြောင်းမှု တို့ကို ကာကွယ်ရန်အတွက် ကျိုးကြောင်းဆီလျော်မှုရှိသည့် ဆန်တင်ပို့မှုကို ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှုသည် အိမ်နီးချင်းနိုင်ငံများထက် နှေးကွေး နေသော်လည်း ကဏ္ဍအလိုက် ရေရှည်တည်တံ့မှုနှင့် ဆန်စက်များ ရှင်သန်ရပ်တည်နိုင်ရေး အတွက် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်၏ ဥက္ကဋ္ဌ Oknha Song Saran က ပြောကြားခဲ့ပါသည်။
ဆန်တင်ပို့မှု အနည်းငယ်မျှသာ တိုးတက်လာစေသည့် အကြောင်းအရင်း တစ်ချက်မှာ မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် ဆန်ပြတ်လပ်မှုကြောင့် ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား ဆန်စက် လုပ်ငန်းများအဖွဲ့ချုပ်၏ အဖွဲ့ဝင်များသည် တောင်သူများထံမှ စပါးဝယ်ယူရာတွင် မြင့်မားသော ဈေးနှုန်းဖြင့် ဗီယက်နမ်ကုန်သည်များနှင့် ယှဉ်ပြိုင်ဝယ်ယူခဲ့ရကြောင်း၊ အဆိုပါပြိုင်ဆိုင်မှု ပြင်း ထန်လာခြင်းက ဆန်နှင့် စပါးဈေးများ မြင့်တက်လာစေခဲ့ကြောင်းဖြင့် Khmer Times သတင်း ဌာနက ဖော်ပြပါသည်။
၂၀၂၃ ခုနှစ်အတွင်း ဆန်တင်ပို့မှု တိုးတက်မှုနှုန်းသည် ၅% မှ ၁၀% အတွင်းရှိမည်ဟု ခန့် မှန်းရကြောင်း၊ ၎င်းအချက်သည် လက်ခံနိုင်သည့် တိုးတက်မှုတစ်ခုဖြစ်ကြောင်း၊ ကမ္ဘောဒီးယား ဆန်သည် အိမ်နီးချင်းနိုင်ငံများထက် အရည်အသွေးနှင့် ဈေးနှုန်းမှာပိုမို ကောင်းမွန်ပါကြောင်း၊ တင်ပို့ရန် ဆန်အလုံအလောက်ရှိပါက ၃၀% အထိ တိုးတက်နိုင်သော်လည်း လက်တွေ့တွင် ဗီယက်နမ်နှင့် ပြိုင်ဆိုင်ရမှုကြောင့် စပါးဝယ်ယူရာ၌ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ စပါးအခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ဆိပ်ကမ်း အခြေခံအဆောက် အအုံများ၏ အခြေအနေမှာ ဗီယက်နမ်နိုင်ငံသည် သာလွန်ကောင်းမွန်မှုရှိကြောင်း Mr. Saran က ပြောကြားခဲ့သည်။
ပို့ကုန်အတွက် ဆန်ပြတ်လပ်မှုသည် လာမည့်နှစ် တင်ပို့မှုအပေါ် သက်ရောက်မှုရှိမည်ဟု မျှော်လင့်ရသည်။ စျေးကွက်အတွင်း ဈေးနှုန်းမြင့်နေသော်လည်း ဆန်စက်ပိုင်ရှင်များအနေဖြင့် လယ်သမားများထံမှ စပါးများကို ဆက်လက်စုဆောင်းနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းရမည်ဖြစ် သည်။ ထို့အပြင် ကမ္ဘောဒီးယားသည် ဇန်နဝါရီလမှ မတ်လအထိ စပါးရိတ်သိမ်းချိန် အစောပိုင်း ကာလနှင့် ကြုံတွေ့နေရခြင်းက ပို့ကုန်အတွက် စပါးနှင့် ဆန်ပြတ်လပ်မှု ဖြစ်စေနိုင်သောကြောင့် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် အခြေအနေ ပိုမိုဆိုးရွားလာနိုင်သည်။ သို့သော်လည်း ခြောက် သွေ့ရာသီတွင် ရိတ်သိမ်းသည့် စပါးများ ဈေးကွက်ဝင်ရောက်မှုနှင့်အတူ ဒုတိယ သုံးလပတ်မှစ၍ ဆန်တင်ပို့မှု အရှိန်အဟုန် မြင့်တက်လာမည်ဟု ခန့်မှန်းရပါသည်။
ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်၏ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ် ပထမ ၁၁ လတွင် ဆန်တန်ချိန် ၆ သိန်းနီးပါး တင်ပို့ခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၆% တိုးမြင့်လာခဲ့သည်။ စုစု ပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၄၂၀ ခန့်ရှိသည်။ ပြန်လည်တင်ပို့မှု ပမာဏမှာ တန်ချိန် ၄ သန်းခန့်ရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁.၁ ဘီလီယံကျော်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ပြည်ပတင်ပို့ရန်အတွက် ဆန်ဝယ်ယူစုဆောင်းရာ၌ စိန်ခေါ်မှု နှင့် ကန့်သတ်ချက်များ ရှိသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဆန်၏အရည်အသွေး နှင့် စျေးနှုန်းအရ သာလွန်ကောင်းမွန်မှုရှိသဖြင့် ၎င်းတို့၏လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရန် ယှဉ်ပြိုင် ကြိုးပမ်းသွားမည်ဟု Mr. Oknha Saran က ပြောကြားခဲ့ပါသည်။
Source: Khmer Times, 16 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)