Main menu

တောင်ငူခရိုင်မှ သကြားစက်များ ကြံရာသီတွင် လည်ပတ်နေ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တွင် သကြားစက်(၄)လုံးရှိရာ ယခုအခါတွင် ကြံများပေါပြီဖြစ်သဖြင့် လည်ပတ်ပြီး သကြားများထုတ်လုပ်လျက်ရှိနေပြီဖြစ်ပါသည်။ ရေတာရှည်မြို့နယ်၊ အောင်ချမ်းသာသကြားစက်တွင် ကြံတန်ချိန် ၆၀၀၀၀၊ မြို့လှသကြားစက်တွင် ကြံတန်ချိန် ၁၀၀၀၀၀၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းသကြားစက်တွင် ကြံတန်ချိန် ၇၀၀၀၀နှင့် ဖြူးမြို့နယ်၊ ဇေယျဝတီသကြားစက်တွင် ကြံတန်ချိန် ၆၀၀၀၀ဝယ်ယူ၍ လည်ပတ်ရန်လျာထားကြောင်းသိရပါသည်။

       ရေတာရှည်မြို့နယ်မှ အောင်ချမ်းသာသကြားစက်နှင့် မြို့လှသကြားစက်တို့သည် ကွင်းဈေး ၁၃၅၀၀၀ကျပ်၊ စက်ရုံအရောက်ဈေး ၁၅၀၀၀၀ကျပ်၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းသကြား စက်နှင့် ဖြူးမြို့နယ်၊ ဇေယျဝတီသကြားစက်တို့သည် ကွင်းဈေး ၁၁၀၀၀၀ကျပ်၊ စက်ရုံအရောက်ဈေး ၁၂၅၀၀၀ကျပ်ဖြင့် ကြံတောင်သူများထံမှဝယ်ယူကြောင်းသိရပါသည်။

     ကြံရောင်းချသူတောင်သူများအား ကြံတန်ချိန်နည်းလျှင် ကြံဖိုးငွေကို စက်ရုံမှ ချက်ချင်းပေးချေပြီး ကြံတန်ချိန်များလျှင် ကြံဖိုးငွေကို တစ်ရက်စောင့်ရကြောင်းသိရပါသည်။ စက်ရုံအလိုက် ကြံစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ကို ကြိုတင်ထုတ်ပေးထားကြောင်းလည်းသိရပါသည်။

     လက်ရှိအခြေအနေအထိ ပျှမ်းမျှကြံတန် ၁၀၀လျှင် သကြား ၉.၄၂တန်ထွက်ရှိသဖြင့် လျာထားချက်အတိုင်း ကြိတ်ခွဲနိုင်ပါက တောင်ငူခရိုင်တွင် ယခုနှစ်အတွင်း သကြားတန်ချိန် ၂၇၃၀၀တန်ထွက်ရှိမည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)