Main menu

တောင်ငူမြို့နယ်တွင် နွေစပါးပန်းတိုင်ထွက်ရှိရေး သမဝါယမအသင်းသားများအား ချေးငွေထုတ်ပေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ယခင်နှစ်ကနွေစပါး ၁၇၈၁၉ဧကကို အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ၎င်းဧကအတိုင်း စိုက်ပျိုးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးရေကို ဆည်ကြီးများတွင် အလုံအလောက်ရှိသည်ဟုလည်းသိရပါသည်။

     တောင်ငူမြို့နယ်၊ ပသိဆည်၊ ကမ်းနီဆည်၊ ကရင်ချောင်းဆည်၊ ခပေါင်းဆည်တို့မှ ဆည်ရေသောက်လယ်မြေများ၊ စစ်တောင်းမြစ်မှ ရွာတန်းရှည်လျှပ်စစ်မြစ်ရေတင်စီမံကိန်း၊ သဖန်းပင်ဆိုလာစနစ် မြစ်ရေတင်စီမံကိန်း၊ ပဲချက်ကုန်းဆိုလာစနစ် လျှပ်စစ်မြစ်ရေတင်စီမံကိန်းတို့အနက် ရေရရှိသောလယ်မြေများမှ နွေစပါးများကိုစိုက်ပျိုးကြပါသည်။

       နွေစပါးသည် မိုးစပါးထက် အထွက်ကောင်းခြင်းကြောင့် စပါးစိုက်တောင်သူများက အားထည့်၍စိုက်ပျိုးကြပါသည်။ ယခင်နှစ်တွင် နွေစပါးတင်း၁၀၀လျှင် ကျပ်၂၄သိန်းအထိရောင်း ချရပြီး စပါးဈေးကောင်းခြင်းကြောင့် တောင်သူလယ်သမားများက နွေစပါးကို အထွက်နှုန်းပြည့်မီအောင် ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါသည်။

     နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နွေစပါးစိုက်ပျိုးမည့်လယ်မြေများသို့ ရေများစနစ်တကျရရှိစေရန် မြေပြုပြင်ခြင်း၊ စိုက်ပျိုးရေများလေလွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် မြောင်းတာပေါင်များတွင် ထူးပေါက်များမရှိအောင်ပြုပြင်ခြင်း၊ မြေဖို့ခြင်းများဆောင်ရွက်ပေးရပါသည်။ အထက်တိုးမည့် မျိုးကောင်းမျိုးသန့်များရရှိရေးကိုလည်း ဆောင်ရွက်ရပါသည်။

        နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှဆောင်ရွက်မည့် သမဝါယမအသင်းသားများကို နွေစပါးစိုက်ပျိုးစရိတ်တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိပါသည်။ သွင်းအားစုများဝယ်ယူမည်ဆိုပါကလည်း ကျပ်နှစ်သိန်းနှင့်ညီမျှသည့် သွင်းအားစုများရရှိရေးကို စီပီကုမ္ပဏီနှင့်ချိတ်ဆက်ဆောင်ရွက်ပေးနေပါသည်။

     သမဝါယမအသင်းဝင် တောင်သူလယ်သမားကြီးများ နွေစပါးစိုက်ပျိုးသည့်အခါ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)