စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက် ရည်ရွယ်၍ ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်တင်မာရီတိုသည် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ (၈-၁-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ တောင်ငယ်လုံးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ဆရာမ (၈)ဦး၊ ကျောင်းသား/ကျောင်းသူ(၄၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဦးဇော်နေလင်းက ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၉)ပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုလိုအသိပညာပေးရခြင်းဖြစ်ကြောင်း၊ အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခွင့်မှာ အရေးကြီးကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် သတင်းအချက်အလက်မှန်ကန်ပြည့်စုံစွာရရှိရန်လိုအပ်ကြောင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များကို စိစစ်ရွေးချယ်ဝယ်ယူစေလိုကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၎င်းနောက် ဒုတိယဦးစီးမှူး ဒေါ်တင်မာရီက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခဲ့ပြီးနောက် ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာမပါလျှင် ဝယ်ယူစားသောက်ရောင်းချခြင်းမပြုစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် ဝယ်ယူသုံးစွဲစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များနှင့် CICC ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများက တိုင်ကြားနိုင်ကြောင်း၊ DOCA Website၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center No. (1535)တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မြို့နယ်ကြက်ခြေနီအသင်းဝင် ဦးမောင်မောင်ဝင်းuလည်း ကြက်ခြေနီအကြောင်း သိကောင်းစရာအချက်အလက်များနှင့် ခွေးရူးပြန်ရောဂါကာကွယ်ရေးအချက်အလက်များကို ရှင်းလင်းအသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။
နိဂုံးချုပ်အနေဖြင့် မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား သိလိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)