Main menu

ဆောင်းနေကြာစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိနိုင်

Powered by Drupal

   မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းတွင်တည်ရှိပြီး ရေမြေရာသီဥတုအခြေအနေအရ စပါးစိုက်ဧကနည်းပြီး ဝမ်းစာဖူလုံအောင်စိုက်ပျိုးနိုင်ခြင်းမရှိသော်လည်း ဆီထွက်သီးနှံများဖြစ်သည့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဝါ၊ နေကြာနှင့် ကြက်သွန်နီသီးနှံများ အဓိကထားစိုက်ပျိုးထွက်ရှိကြောင်း သိရှိရပါသည်။

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိတောင်သူများသည် ကုလားပဲ၊ မြေပဲနှင့်အတူ ဆောင်းနေကြာကို သီးညှပ်အဖြစ်စိုက်ပျိုးကြသလို သီးထပ်အဖြစ်လည်းစိုက် ပျိုးကြပါသည်။ အထက်မင်းလှမြို့နယ်အတွင်း ဆောင်းနေကြာစိုက်ဧကမှာ (၄၇၀၀) ဧကကျော်ရှိ ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ စိုက်ပျိုးရာတွင် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံး စိုက်ပျိုးကြပြီး အောက်တိုဘာလနှ င့်နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး (၃)လခွဲအကြာတွင် ခူးဆွတ်ရကြောင်း၊ နေကြာသီးညှပ်စိုက်(၁)ဧကလျှင် မျိုး(၂)ပြည်ခန့်ကုန်ကျပြီး သီး ထပ်စိုက်(၁)ဧကလျှင် မျိုး(၄)ပြည်ခန့်ကုန်ကျကြောင်း၊ နေကြာမှာမြေအစိုဓါတ်ရှိလျှင် စိုက်ပျိုးနိုင်သောသီးနှံဖြစ်ကြောင်း၊ သီးညှပ်စိုက်ပျိုးရာတွင် ကျဲပက်စနစ်ဖြင့်စိုက်ပျိုးကြပြီး သီးထပ်စိုက်ပျိုးရာတွင် ထွန်တုံးဖြင့်ကြောင်းဆွဲ၍ မျိုးစေ့ချစိုက်ပျိုးကြောင်း၊ နေကြာစိုက်တောင်သူများအနေဖြင့် နေကြာမျိုးကို ယခင်နှစ်ကထွက်ရှိသော နေကြာပန်းမှမျိုးစေ့ကိုဖယ်ချန်၍ ပြန်လည်စိုက်ပျိုးကြသလို အထက်မင်းလှမြို့စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာစိုက်ဧက(၁၅၀၀)ဧကစာအတွက် နေကြာမျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခြင်းမှရရှိ၍လည်း စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးဖိုး၊ စိုက်ခ၊ မြေပြင်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ယခင်နှစ်နည်းတူ ကျပ်(၁၀၀၀၀၀)ခန့်သာကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် အများဆုံး (၁၂)တင်းထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၄၀၀၀၀ မှ ၄၅၀၀၀)ဈေးရရှိခဲ့ပြီး ဆီအဖြစ်ပြန်လည် ကြိတ်ရာတွင်လည်း (၁)တင်းလျှင် နေကြာဆီပိဿာ (၃)ပိဿာခွဲခန့်ထွက်ရှိကြောင်း၊ (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)ဖြင့်ရောင်းချရ၍ နေကြာစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိခဲ့ကြောင်း၊  ယခုနှစ်တွင်မူ  မထွက်ရှိသေးပါ၍ အထွက်နှုန်းအနေဖြင့် မသိရှိရသေးကြောင်း အထက်မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက်၌နေထိုင်သည့် နေကြာစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

          သို့ဖြစ်ပါ၍ ဆီထွက်သီးနှံဖြစ်သောနေကြာသည် စိုက်ပျိုးသည့်တောင်သူများအတွက် အကျိုးအမြတ်များရရှိနိုင်စေရုံသာမက ဒေသတွင်းဆီဖူလုံစေရန်အတွက်လည်း အထောက်အကူဖြစ်စေနိုင်သဖြင့်  ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)